" မလွယ်ဘူး မူးနိုင်တယ် "

ဆက်ပါအုံး . . . အဲဒါနဲ့ ဘာဖြစ်သွားလဲ

ဆင်ခြေဖုံး အပေါင်ဆိုင်တွေ အကြောင်းလား

ဇေကော်မရှင်နာထောင်ထားပေမယ့်

ဆိုက်ပရပ်စ် ဖီလော်ဆိုဖာ ဖြစ်မလာခဲ့ဘူး

အိမ်ပြန်ရောက်ရင် ခြင်ထောင်ထဲထိုးဝင်ပြီး

မိန်းမကို ရစ်တတ်တဲ့ ယစ်ထုပ်ကြီးတွေ အကြောင်းလား

လူအကြောင်းပြောရမယ် ဟုတ်စ

ဒါဆို ကျနော့်အကြောင်း အရင်စပြောဖို့ အကြံရသဗျာ

၈၈ တွေ ဂိတ်ဆုံးရင် လှမ်းလာခဲ့ပါ

တောင်ဒဂုံက စက်ရုံဆွဲခြင်းလေးတွေ လှချက်

သိပ်လန်းပါတယ်

တချို့လဲ အကြောအချဉ်တွေတက်

မာဆက်က ဆော်နဲ့ ဖက်အိပ်တာ စိတ်ချမ်းသာသတဲ့

လက်ကျန်တစ်ပိုင်းဖြတ်အပြီး

မနက်ဖြန်အသက်ထွက်တော့မယ့် ဒီဇိုင်းနဲ့

အရက်ဆိုင်ထဲက ထ

ဘယ်တော့မှ မသေနိုင်တော့မယ့် ပုံစံနဲ့ သိုင်းကွက်နင်းပြီး

ကတ္တရာလမ်းပေါ်

ကဗျာတစ်ပုဒ် အန်ချလိုက်တယ်

စစ်မှန်တဲ့ ချမ်းသာခြင်းဟာ

လက်ထဲမှာ တစ်ကျပ်မှ မရှိတော့ချိန်

ပြက္ခဒိန်ထဲ တေးထားတဲ့ အသက်ငွေ့ငွေ့ ၀ီစကီည

အမှန်တရားက စုံစမ်းစစ်ဆေးရေးကို

(တကယ်နီးပါး) ကြောက်စရာ

မလိုတော့တဲ့ ခေတ်

ဒီစင်္ကြ၀ဠာကြီးထဲ ဘယ်ကလာလို့

ဘယ်ကိုသွားမလဲ မသိနိုင်ပေမယ့်

လူရယ်လို့ ဖြစ်လာမှတော့ ရစ်ဖူးရမယ် ဆိုပါစို့

ယမန်နေ့က နံရံအားလုံးနားတွေရှိရင်

ယနေ့ လေချဉ်တက်တာ ယင်းထနေလို့ပါ . . . ။  




-ကျော်လင်းထွန်း-



Comments