" ဘုံကျွန်တို့စုစည်းရာသို့ ကျနော်သွားတဲ့အခါ "





ဂီတရှိတဲ့ မွန်းလွဲ

အစိမ်းရောင် မြင်ကွင်းထဲ


မီးခြစ်တစ်လုံးတွဲလောင်းခိုနေတာ

သဘာဝမိန်းကလေးရဲ့ ဆွဲငင်အားကို

တင်ဆက်ပြသသွားသလို

မိုးတွေ ပက်ကြားအက် ပြိုဆင်း

ကွဲထွက်လွင့်ဝဲသွားတဲ့ သီချင်းသံဆိုတာ

မိသားစု သီးသန့်ဂေဟာတစ်ခုမှာ

ကော်ဖီခွက်ထဲ ရာသီတွေ အနည်ထိုင်ကျသွားတဲ့

အရွေ့သဘော

လောဘကို ရင်ဝှက်ပန်းအလား

သက်လျှိုခြွေချခဲ့ပြီးမှတော့

ခါးရတာ သက်သောင့်သက်သာ ရှိလာသလို

အတက်အကျ ကြမ်းနေတာ

တရိပ်ရိပ် တိမ်လိပ်တွေပြောတဲ့

မိုးရာသီ ခံစားချက် ဖလှယ်နှုန်းလား

ပြည့်သွားတဲ့ လ အတွက်

အံဆွဲထဲက ဆန္ဒတွေ

စတပ်ပလာနဲ့ ရုန်းမရအောင် ဆွဲချုပ်တုပ်နှောင်ခံထားရတာ

အထပ်လိုက်

ပီပီပြင်ပြင် လျှပ်တစ်ပြက်

မပီမပြင် တစ်ဝက်တစ်ပျက်

အဆီအနှစ်မျှော်လင့်ချက်တွေအတွက်

ကြယ်ပွင့်ပြ မေးခွန်းတွေ လျှံတက်လာချိန်

လုယက်သတ်ဖြတ်မှုတွေ

ထ ထ ပွက်တတ်တဲ့ မြို့ ပျက်ထဲ

လက်ဆွဲနှုတ်ဆက်လေ့ရှိသူတွေရဲ့ အနွေးဓါတ်မျိုးနဲ့

ပြုံးပြပြီး ခွဲခွာချင်ပေမယ့်

ပလက်ဖောင်း လှလှဖြူဖြူလေးပေါ်မှ

လျှောက်ရတာ မွေ့ပျော်သူ

သတင်းစာ စက္ကူ အငွေ့ အသက်ကိုမှ

တစ်ဝကြီး နမ်းရှိုက်လိုသူမို့

လူသားအားလုံးဟာ (တကယ်တော့)

တူရူချက် ကိုယ်စီနဲ့ပါ

အပြုံးတွေဟာ တစ်ခါတစ်လေ

စေတန်လက်ဖ၀ါးက ဓါးတွေ ပါလာတတ်လို့ . . . ။



-ကျော်လင်းထွန်း-

Comments