"Hoodie လေး တစ်ထည်"

အအေးပိုင်း ဒေသတွေကို သွားဖြစ်ဖို့
မသေချာတော့ပေမယ့်
ပစ္စုပ္ပန်ရဲ့ ရသမျှ အနွေးဓာတ်လေး
ရေခဲမှတ်ရောက်မသွားဖို့
အတိမ်းအစောင်းရှိခဲ့ရင်
ကိုယ့်နေ့ရက်တွေထဲ
ဘယ်တော့မှ ထပ်မကြားရနိုင်တော့မယ့်
သက်ရှိနားကြပ် ...
ဒီလိုနဲ့ ကိုယ်ဟာ ပလပ်စတစ်အိတ်ကိုပြန်ကပ်
ဗီရိုအပေါ်ဆုံးထောင့် အံထဲမှာ
သတ်သတ်မှတ်မှတ် ထည့်သိမ်းထားလိုက်တယ်။

ရံဖန်ရံခါတော့
ထုတ်ကြည့်မိပါရဲ့
ဪ ... ခေါက်ရိုးလေး ကျိုးလို့
ပုံမှန် လည်ပတ်နေတဲ့
နာရီစက်သွားတွေ ကြားထဲ
နိစ္စဓူဝ လည်ပတ်ရင်း
အခိုက်အတန့် စိတ်ဖြေရာ ဖြစ်ခဲ့ရင်
စိတ်ရင်းနဲ့ ခွင့်လွှတ်ပါ။

စွန့်လွှတ်လိုက်ကာမှ
တန်ဖိုးသိတယ်ဆိုတာလည်း မကြုံချင်
အမြဲတမ်းဖက်တွယ်ထားဖို့လည်း
ဘယ်ဘက်ရင်အုံမှာ အခန်းလွတ်ရယ်လို့ မရှိ။

ဒါပေမယ့်
မြတ်နိုးမိတယ်
ကြိုက်နှစ်သက် ခုံမင်တွယ်တာမိခဲ့ပါရဲ့။

"လူဆိုတာ အနွေးဓာတ်လိုတယ်" တဲ့
အမေ့အိမ်အလွမ်းည
ရထားဥဩသံလှလှ မြည်ဆွဲသွားသံ
ကိုယ် ဖျတ်ခနဲ ကြားလိုက်တယ်။

Hoodie အဖြူရောင်လေးရဲ့
အလွမ်းငွေ့တွေဟာ
တောင်တန်းဒေသတွေဆီ
တဝေဝေလွင့်မူးနေတာ ကိုယ်ခံစားမိတယ်။

တစ်စုံတစ်ခုကို ခြေရာဖျောက်နေသလို
ဒီည ရန်ကုန်ဟာ မိုးတွေပိုရွာတော့
ခြေဖျားတွေ အေးစက်နေမလား
ကိုယ့် ရင်ငွေ့ကို ပေးလှုံချင်တယ်
ဒါပေမယ့်
ကိုယ်ဟာ အပူသည်လေ
ကိုယ့်အပူတွေ ဟပ်ပြီး
လောင်ကျွမ်းကြွပ်မွသွားနိုင်တယ်။

"သူ့သမီးလေး ပါးမရှဖို့
လူတစ်ယောက်ဟာမုတ်ဆိတ်
ရိတ်ရတယ် ... Saving Mr. Banks"
ကံ့ကော်တွေ ကောက်ပြီး
Hoodie လေးထဲကို ထည့်မယ်
ပြီးရင် ရာသက်ပန် တယုတယဝတ်ဆင်မယ်
ဆောင်းဦးရာသီတွေ ကျော်ဖြတ်မယ်။

"စကားမစပ်
ငါ့ကိုသမီးတစ်ယောက်လိုချစ်ပါ" တဲ့
အဲဒီ တောင်တန်းဒေသတွေဆီ မရောက်မချင်း
အဲဒီ ဆောင်းဦးရာသီတွေ ရောက်မလာမချင်း
ကိုယ် Hoodie လေးကို
အမြဲ အမြတ်တနိုး သိမ်းထားပါ့မယ်။


#ဝိုင်အေအေ

#KLT


September 6, 2021


    Art: Red Hood Wallpaper


Comments