“ရပ် ၊ သွား . . . လိုရာစေစားနိုင်တဲ့ ရန်ကုန်မြို့ရဲ့ သူရဲကောင်း”


 
ကားများ သပွတ်အူအလား ရှုပ်ထွေး ပွေလီနေသည့် လမ်းဆုံလမ်းခွများအနက် အကျပ်တည်းဆုံး မီးပွိုင့်တစ်ခုတွင် ရပ်၍ ယာဉ်ထိန်းရဲကြပ်ကြီး ခင်မြင့်မောင်သည် နေ့စဉ် တစ်ရက်လျှင် ၁၂ နာရီ နီးပါး မဆုတ်မနစ် စိတ်ထားဖြင့် ယာဉ်လမ်းကြောများအား ထိန်းသိမ်းကွပ်ကဲနေသည်။

ရှေ့ပြေးသတင်းစာတစ်စောင်က ပေးအပ်သော တစ်နှစ်တာအတွက် သူရဲကောင်းဆုရှင်၊ ရန်ကုန်ရဲတပ်ဖွဲ့က စံပြပုဂ္ဂိုလ် အဖြစ် ရွေးချယ်နှင်းအပ်ခဲ့ခြင်းခံရသူ၊ ဂျာမန်ဖောင်ဒေးရှင်းတခုက အမှန်တကယ် ဘ၀ထဲက သူရဲကောင်းဆုတို့ကို ချီးမြှင့်ခံရသူတဦး၏ လုပ်သက်မှတ်တမ်းဟု မထင်ရပါ။

သို့ရာတွင် အသက် ၂၆ နှစ်ရှိပြီ ဖြစ်သော ဦးခင်မြင့်မောင် ဖော်ပြပါ ဆုအားလုံးကို ဆွတ်ခူးခဲ့သည်မှာ တဆင့်စကား တဆင့်နား ပျံ့နှံ့ခဲ့သော ကောင်းသတင်းကြောင့်ဖြစ်ပြီး မကြာသေးမီကမှ ရဲကြပ်ကြီးအဖြစ် ရာထူးတိုမြှင့်ပေးခံခဲ့ရသည်။ မိုးရွာရွာ နေပူပူ ယာဉ်လမ်းကြောများအား ထိန်းသိမ်းကွပ်ကဲမှု ကောင်းလွန်းသည့် ၎င်း၏ စွမ်းရည်ကို ချီးမွမ်းဖောက်သည် မချသည့် တက္ကစီကားဆရာ ဟူ၍ ရန်ကုန်မှာ ရှာမတွေ့နိုင်ပေ။

“ကျွန်တော်တို့က သူ့ကို ကြိုက်တယ်၊ သူကို မကြိုက်တဲ့လူကို မရှိတာ” ဟု အသက် ၃၇ နှစ်အရွယ် တက္ကစီးကားဆရာ ဦးနေ၀င်းလှိုင်က ချီးကျူးသည်။

အတိတ်ကာလနှစ်များအတွင်းက မြန်မာနိုင်ငံ၏ အကြီးမားဆုံး ရန်ကုန်မြို့ကြီးမှ လမ်းများမှာ ချောင်ချိနေသော်လည်း ယနေ့မျက်မှောက်ကာလတွင် ရန်ကုန် လမ်းမများ ပိတ်ဆို့ပြည့်ကျပ်နေခြင်းသည် စစ်အုပ်ချုပ်ရေးဖြင့် ဆယ်စုနှစ် ၅ ခုကျော်ကြာ ပြင်ပကမ္ဘာနှင့် အဆက်အသွယ်ဖြတ် အုပ်ချုပ်ခဲ့ရာမှ ပြုပြင်ပြောင်းလဲရေးများ ဖော်ဆောင်ကာ နိုင်ငံတကာနှင့် စီးပွားရေး မျက်နှာစာသစ် ဖွင့်လှစ်လိုက်ခြင်းကြောင့် ဖြစ်ပေမည်။ ယင်းမှာ ထင်သာမြင်သာရှိသည့် လက္ခဏာပင် ဖြစ်၏။ သုံးနှစ်အတွင်းမှာပင် ကားအစီးရေသည် လေးသိန်းကျော်အထိ နှစ်ဆ ခုန်တက်သွားသည်။

ကားပိုင်ခြင်းက ချမ်းသာမှု၏ ပြယုဂ် မဟုတ်တော့သည့် မျက်မှောက်မြန်မာပြည်တွင် ရဲကြပ်ကြီး ခင်မြင့်မောင်သည် ပြည်သူ့ သူရဲကောင်းသစ် တစ်ဦးအဖြစ် ပေါ်ထွက်ခဲ့ခြင်း ဖြစ်သည်။ လူ့အခွင့်အရေးအတွက် တိုက်ပွဲဝင်နေသူမဟုတ်သလို လူသားအကျိုးပြု ပရဟိတ လုပ်ငန်းများ ဆောင်ရွက်နေသူလည်း မဟုတ်ပါ။ မီးလောင်တိုက်အတွင်းက အိမ်မွေးခွေးလေးများကို ၀င်ကယ်ပေးခဲ့သူလည်း မဟုတ်ပြန်ပါ။ ၎င်းသည် ယာဉ်ထိန်းရဲ တစ်ဦးသာ ဖြစ်၏။

မြန်မာနိုင်ငံတွင် ယူနီဖောင်ဝတ်ထားသူများကို မြင်လျှင် ကြောက်ရွံ့မုန်းတီးတတ်ကြသော်လည်း ရဲကြပ်ကြီး ခင်မြင့်မောင်သည် ယခင်က ဒေါသအိုးများဖြစ်ခဲ့ကြသည့် ယာဉ်မောင်များထံ ကားမှန်တခါးကိုဖွင့်၊ ရေခဲရေဘူးများကို ကမ်းလင့်ပေးသည်အထိ ပြည်သူ့အသဲနှလုံး ယူကျုံးနိုင်ခဲ့သည်။ ၎င်းတို့သည် ရဲကြပ်ကြီးကို ပိုက်ဆံများပင်ပေးတတ်ကြသေးသည်။ အနောက်နိုင်ငံများတွင်မူ မသင့်လျော်ဟု မြင်နိုင်သည့် ပုံရိပ်ဖြစ်သော်လည်း ယာဉ်မောင်းများကမူ ကျေးဇူတင်သည့် အနေအားဖြင့်လည်းကောင်း မပြောပလောက်သော ၀င်ငွေဖြင့် လည်ပတ်ရသည့် ၎င်း၏ ဘ၀အခြေအနေအတွက် လည်းကောင်း မတောင်းဘဲပေးသော အထောက်အပံ့ ဖြစ်သည်ဟု ဆိုကြသည်။ ရဲကြပ်ကြီးကလည်း ပေးကမ်းသမျှကို ပူပြင်းလှသည့် နေရောင်အောက်မှာ ဖွေးဖွေးလှုပ်သွားများ ပေါ်လွင်သည်အထိ ပြုံးရယ်ကာ လက်ခံရယူသည်။

မကြာသေးမီ ရက်များအတွင်းက ရဲကြပ်ကြီး ခင်မြင့်မောင် ခွင့်ယူစဉ်နှင့် လွန်ခဲ့သည့် နှစ်လခန့်က နေပြည်တော်သို့ သွားရောက်ကာ ရာထူးတိုးခန့်အပ်ပွဲ တက်ရောက်စဉ်က ၎င်းတာဝန်ယူရာ မီးပွိုင့်နှင့် အနီးဝန်းကျင် တစ်ခွင်လုံး ကစဥ့်ကလျားအခြေအနေသို့ သက်ဆင်းခဲ့သည်။

“သုံးရက်စလုံး ကသောင်းကနင်းပဲ၊ ကားတွန် ဟွမ်းတွေ တစ်ပွမ်ပွမ်နဲ့၊ လှုပ်လို့ကို မရအောင်ကျပ်တောက်နေတာ၊ လူတိုင်း စိတ်လေသွားတယ်” ဟု ယင်းမီးပွိုင့်အနီးရှိ ဈေးဆိုင်တစ်ခုမှ ဒေါ်ဖြူဖြူဆိုသူက ပြောသည်။

ရဲကြပ်ကြီး ခင်မြင့်မောင်၏ ဂုဏ်သတင်းမှာ ယာဉ်ထိန်းရဲတပ်ဖွဲ့ကြီးတစ်ခုလုံးကို ယုံကြည်နိုင်လောက်သည့် ထောက်ခံမဲ တစ်ခုတော့ မဟုတ်ပါပေ။ ၎င်းတို့သည် ယာဉ်မောင်းများဆီမှ ငွေညှစ်ကြသူများဟူသော မကောင်းသတင်းဖြင့် ကျော်စောကြသည်။ ထိုနည်းတူစွာပင် စစ်အုပ်ချုပ်ရေးမှ အရပ်သားအုပ်ချုပ်ရေးသို့ ပြောင်းလဲနေသည့် အစိုးရသစ်အတွက်အပေါ် ချီးမွမ်းသည့် ထောက်ခံမဲ တစ်ခုလည်း မဟုတ်ပါ။ ၎င်းကို ချီးကျူးထောပနာ ပြုနေကြခြင်းမှ ကျန်သော ယာဉ်ထိန်းရဲများနှင့် ဗြူရိုကရေစီ အုပ်ချုပ်ရေး ယန္တရားကို သွယ်ဝိုက်သောနည်းဖြင့် ဝေဖန်နေကြခြင်းလည်း ဖြစ်သည်။

“အရင်တုန်းက ပြည်သူ့ဝန်ထမ်းတစ်ယောက်ဟာ သူ့အလုပ်သူလုပ်ပါလိမ့်မယ်လို့ ခင်ဗျား အားကိုးလို့ မရနိုင်ဘူး၊ အခု သူက ကိုယ့်အလုပ်တာဝန် ကိုယ်လုပ်တဲ့ ပြည်သူ့ဝန်ထမ်းတယောက်လေ” ဟု စာရေးဆရာဦးဖေမြင့်က မှတ်ချက်ပြုသည်။

မြန်မာနိုင်ငံတွင် သူရဲကောင်းများ ရှားပါးနေသည်။ မြန်မာ့လူ့အဖွဲ့အစည်းတွင် စစ်အာဏာရှင်များနှင့် လက်ဝါးချင်းရိုက်ထားသည့် လုပ်ငန်းရှင်များ၊ အရာရှိကြီးများ၊ စစ်အစိုးရအား ဆန့်ကျင်သည့် အပြစ်မဲ့ ပြည်သူများကို ထောင်ကျရန် အလိုတော်ရိ လုပ်ခဲ့ကြသည့် သတင်းပေးများ တစ်ပုံတစ်ခေါင်းကြီး ရှိနေသည်။

“ဒီဆုနဲ့ ထိုက်တန်တဲ့ ပြည်သူ့ဝန်ထမ်းကို ရှာရတာ အင်မတန် ခက်ခဲပါတယ်” ဟု ၂၀၁၂ ခုနှစ်မှ စကာ တစ်နှစ်တာအတွက် သူရဲကောင်းဆုကို နှစ်စဉ် ချီးမြှင့်ပေးခဲ့သည့် 7 Day သတင်းဂျာနယ်မှ အမှုဆောင် အယ်ဒီတာ ဒေါ်ငြိမ်းငြိမ်းနိုင်က ပြောသည်။ ယင်းဆုကို စတင်ပေးအပ်ချိန်မှာ နှစ် ၅၀ ကြာ မီဒီယာလောကကို ချုပ်နှောင်ထားသည့် စာပေစီစစ်ရေးဌာနအား ပယ်ဖျက်လိုက်ချိန်လည်း ဖြစ်သည်။

“နှစ်စဉ် ကျွန်မတို့ လူပေါင်းများစွာကို ဒီဆုအတွက် စိစစ်ခဲ့ရတယ်၊ သူတို့ရဲ့ နောက်ကြောင်း ရာဇ၀င်ကို ကြည့်တဲ့အခါမှာတော့ ကျွန်မတို့ သတ်မှတ်တဲ့ အရည်အချင်းတွေနဲ့ မကိုက်ညီတာ တွေ့လာရတယ်” ဟု ၎င်းက ဆက်ပြောသည်။

မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်တွင် ကဏ္ဍအလိုက် အရှိန်အဟုန်များက အမျိုးမျိုး ကွာခြားနေသည်။ အုပ်ချုပ်ရေးပိုင်းတွင် ယင်ခင်စစ်အုပ်ချုပ်ရေး စနစ်ကအတိုင်း အထက်အမိန့်ကို စောင့်ဆိုင်းကြဆဲဖြစ်သည်။ တောင်သူလယ်သမားများမှာလည်း ဆင်းရဲတွင်းနက်နေတုန်းပင် ဖြစ်၏။ အလယ်အလတ်တန်းစားများကလည်း အစိုးရက ကတိပေးထားသလို မြိုးမြိုးမြက်မြက် ရမည့် အလုပ်အကိုင် အခွင့်အလမ်းဟူ၍ မဆိုစလောက်သာ တွေ့မြင်နေရသည်။

သို့သော် ရန်ကုန်မြို့၏ လမ်းများမှာမူ လွန်ခဲ့သည့် ၅ နှစ်တာ ကာလနှင့် ဘာမှကို မဆိုင်တော့ပေ။ ထိုစဉ်အခါက ကားအများစုမှာ အိုဟောင်း၊ ပျက်စီးနေကြသည်။ ၄၁ နှစ် မောင်းနှင်ခဲ့ပြီးဖြစ်သည့် ယာဉ်အိုများမှ ယိုစိမ့်ထွက်လာသော စက်ဆီများက လူသွားစင်္ကြံများပေါ်သို့ (ကားရပ်ထားစဉ်) စီးထွက်သွားပြီး မိုးရွာသွန်း၍ ရေကြီးသည့် နေ့များတွင်လည်း တက္ကစီငှားသူများအနေဖြင့် ကားကြမ်းခင်းရှိ အပေါက်များမှ ရေများ ၀င်မလာရန် ခြေထောက်နှင့် ဖိနင်းထားရသည်။

လွန်ခဲ့သည့် ၃ နှစ်က စ၍ အစိုးရသည် ကားတင်သွင်းခွင့်ဆိုင်ရာ စည်းမျဉ်းများကို ဖြေလျှော့ပေးလိုက်ပြီး ရန်ကုန်မြို့တွင် ကားယာဉ်ကျေးမှုကြီးတစ်ခုကို ရုတ်တရက် အသက်သွင်းလိုက်သည်။ အများအားဖြင့် ဂျပန်မှတင်သွင်းသည့် အသုံးပြုပြီး ကားများကို နေရာအနှံ့တွေ့လာရသည်။ ယာဉ်ကြောပိတ်ဆိုမှုများအကြောင်း အစီရင်ခံပေးသည့် ရေဒီယို ဌာနတစ်ခုကိုလည်း အလေးပေး နားထောင်လာကြပြီး မိမိသွားမည့်လမ်း မပိတ်ပါစေနှင့်ဟု နားထောင်ရင်း ဆုတောင်းတတ်လာကြသည်။ ယခုလ အတွင်း သမ္မတအိုဘားမား အလည်အပတ်လာရောက်စဉ် ရန်ကုန်သူ၊ ရန်ကုန်သားများက “အိုဘားမားကြောင့် ယာဉ်ကြောတွေ ပိတ်ကုန်တာ” (Obama jam) ဟု ညည်းညူကြသည်။ ယခုနှစ်အတွင်း ယာဉ်ထိန်းရဲတပ်ဖွဲ့သည် Facebook စာမျက်နှာတစ်ခု ဖွင့်လှစ်ကာ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း ဖောက်ဖျက်သော ယာဉ်မောင်းများ၏ ဓာတ်ပုံများကို တင်ထားခဲ့သည်။

ရန်ကုန်မြို့ ဆင်ခြေဖုံးအရပ်တွင်နေထိုင်သည့် အသက် ၃၄ နှစ်အရွယ် သစ်သားပန်းပုဆရာ ဦးဝင်းတင်က ၎င်း၏ ပန်းပုဆိုင် တည်ရှိရာ ရွှေတိဂုံဘုရားအနီးသို့ လိုင်းကားဖြင့်သွားရန် ယခင်က နာရီဝက်ခန့်သာ ကြာမြင့်သော်လည်း ယခုအခါ နှစ်နာရီလောက်အထိ လေအေးပေးစက် မရှိသော ဘတ်စ်ကားထက် ပူပြင်းအိုက်စပ်စွာ စီးနင်းရသည်ဟု ဖွင့်ဟသည်။ အကောင်းဘက်က ကြည့်မည်ဆိုပါမူ ၎င်း၏ ပန်းပုဆိုင်လေးသို့ တရုတ်နှင့် တောင်ကိုရီးယား ခရီးသွားဧည့်သည်များ စုပြုံကျလာပြီး ဗုဒ္ဓမြတ်စွာဘုရား သစ်သားရုပ်တုများကို ထုလုပ်ပေးရန် အော်ဒါအပ်မှုလည်း ပိုများလာသည်ဟု ဆိုသည်။

“အတိတ်တုန်းက ယာဉ်လမ်းကြော ချောင်ချောင်လည်လည်ရှိတာ ကြိုက်တယ်၊ ဒါပေမဲ့ အဲဒီအတိတ်နေ့စွဲတွေကိုတော့ ပြန်မရောက်ချင်ပြန်ဘူး” ဟု ၎င်းက ပြောသည်။

ဂျပန်မှ တင်သွင်းသော အသုံးပြုပြီးသား ကားများတွင် ဇိမ်ခံကားများ၊ အသွေးအရောင် စုံလင်သော ကားများ အမျိုးမျိုးပါဝင်သည်။
အမေရိကန်ပြည်ထောင်စု၊ လော့စ်အိန်ဂျလိစ်မြို့နောက်ပိုင်း ဘီဗာလီဟေးလ်စ် လူကုန်ထံအရပ်တွင်မောင်းနှင်လျင်ပင် ပတ်ဝန်းကျင်နှင့် အဆင်ပြေသော Range Rovers ကားများ၊ ရန်ကုန်မြို့မှ လမ်းမများအတွက် ကြီးလွန်းလှသည့် American S.U.V အမျိုးအစား ကားကြီးများကို ရဲကြပ်ကြီး ခင်မြင့်မောင်က ညွှန်ကြားကွပ်ကဲနေသည်။

မြန်မာနိုင်ငံတွင် ဆင်းရဲချမ်းသာအကြား ကွာဟမှု အငူစွန်းကြီးက အထင်းသား မီးမောင်းထိုးပြနေသည်။ ၎င်း၏ တစ်လလစာမှာ အမေရိကန်ဒေါ်လာ ၁၅၀ နှင့် ညီမျှပြီး ယင်းလခနှင့်ဆိုပါက နေ့စဉ် ရသည့် ပိုက်ဆံကို တပြားမကျန် စုမည်ဆိုသော်လည်း အငြိမ်းစားယူမှသာ ဖော်ပြပါကားများထဲမှ တစ်စီးစီးနိုင် ၀ယ်စီးနိုင်ပေမည်။

ဘင်္ဂလားပင်လယ်အော် ကမ်းစပ်မှ သုံးမိုင်အကွာ ဝေးလံခေါင်သီသော ရွာငယ်လေးတွင် နေထိုင်သည့် စပါးစိုက်တောင်သူ မိဘနှစ်ပါးမှ ပေါက်ဖွားသော သားသမီး ၅ ယောက်အနက် ၎င်းမှာ ၃ ယောက်မြောက် ရင်သွေးဖြစ်သည်။ ၎င်းတွင် ချမ်းချမ်းသာသာ နေနိုင်သူများအပေါ် မကျေမချမ်းသည့် စိတ်သဘောထားမျိုး မမြင်တွေ့ရ။ ကံစီမံရာဟုသာ သဘောထားသည်။
ရွှေတိဂုံစေတီတော် အနားရှိ ဓမ္မစေတီလမ်းနှင့် လင့်လမ်းထောင့်ချိုး လမ်းဆုံလမ်းခွတွင် ယာဉ်လမ်းကြောများ ထိန်းသိမ်းကွပ်ကဲနေရာမှ ခေတ္တနားစဉ် ၎င်းက “လူတိုင်းမှာ ကိုယ်ပိုင် ကံကြမ္မာ ဆိုတာ ရှိကြတယ်၊ ချမ်းသာတဲ့ သူတွေဟာ အတိတ်ဘ၀က ပြုတဲ့ ကုသိုလ်တွေကြောင့် အခုလို ချမ်းချမ်းသာသာ နေရတာ၊ လူတိုင်းအတွက် ကိုယ်ပိုင်နေရာဆိုတာ ရှိပါတယ်” ဟု မှတ်ချက်ပြုသည်။

ရဲကြပ်ကြီးသည် အပြုံးများကို ဖော်ရွေရက်ရောစွာ သုံးသော်လည်း စကားပြောနည်းသည်။ ၂၀၁၂ ခုနှစ်အတွက် တစ်နှစ်တာ သူရဲကောင်းဆု ဆွတ်ခူးစဉ်က ရန်ကုန်ဟိုတယ်တွင်းရှိ ဂုဏ်ပြုခန်းမ စင်မြင့်ပေါ်၌ ရပ်နေခဲ့သည်။
“ကျွန်မတို့ သူ့ကို ကျေးဇူးတင် ၀မ်းမြောက်စကား ပြောဖို့ သုံးမိနစ် အချိန်ပေးခဲ့တယ်” ဟု ဆုပေးအပ်ရေး ကော်မတီ ဥက္ကဋ္ဌ ဒေါ်ငြိမ်းငြိမ်းနိုင်က ဆိုသည်။

“သူက ကျေးဇူတင်ပါတယ်လို့ပဲ ပြောတယ်။ ပြီးတော့ ပြုံးရယ်နေခဲ့တာပါ” ဟု ၎င်းက ပြန်လည် တွေးတော၍ ပြောပြသည်။

ကျော်လင်းထွန်း
Ref: Yangon’s Hero, Wielding Power of Stop and Go (New York Time)




https://www.facebook.com/NewsWatchJournal/photos/pb.343551955682612.-2207520000.1417926172./771855336185603/?type=3&theater

Comments