“ဆင်ခြေရာ သို့မဟုတ် နိုင်ငံရေး ကျားကွက်”

အစိုးရနဲ့ အချေအတင် ဆွေးနွေးနေတဲ့ လက်နက်ကိုင် အဖွဲ့အစည်းတွေရဲ့ ရှေးရှုဦးတည်မှုတွေကို တကယ် နားမလည်နိုင်ပါဘူး။ သူတို့လိုချင်တာ၊ သူတို့ ဖြစ်ချင်တာရယ်၊ တိုင်းရင်းသား ပြည်သူလူထု တစ်ရပ်လုံး လိုချင်တာ ဖြစ်ချင်တာရယ်က စစ်မှန်တဲ့ ဖက်ဒရယ် ပြည်ထောင်စု မဟုတ်ပေဘူးလား။

ဖက်ဒရယ်ပြည်ထောင်စုဖြစ်ဖို့ရာက ပြည်နယ်တစ်ခု၊ တိုင်းတစ်ခုကို စစ်ရေးအရ ဒေသခံလက်နက်ကိုင်တွေက တစ်ဖက်၊ အစိုးရက စစ်တပ်က တစ်ဖက် ခွဲပြီး အုပ်ချုပ်နေရုံနဲ့ မရဘူး။ နောင် သားစဉ်မြေးဆက်အတွက် တကယ်ရှေးရှုတယ်ဆိုရင် လုပ်ရမှာက တစ်ခုတည်းပါ။ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်ဖို့၊ ဒါမှမဟုတ်ရင် အတတ်နိုင်ဆုံး အချိန်တိုအတွင်း မြန်မာပြည်သား အားလုံးပါဝင်ပြီး အသစ်ရေးဆွဲဖို့သာ တွန်းအားပေးရမှာပါ။

ရရာလက်နက်ကို ဆွဲကိုင်ပြီး စစ်အာဏာရှင်တွေကို တွန်လှန်ခဲ့ကြတာ တကယ့်ကို လေးစားခဲ့ပေမယ့် မျက်မှောက်အစိုးရနဲ့ စေ့စပ်ညှိနှိုင်းမှုတွေမှာတော့ ဘယ်လိုမှ အားမရနိုင်သလို လက်ကိုင်ဒုတ် ဖြစ်နေပြီလို့တောင် ပြောချင်ပါတယ်။

အစိမ်းရောင်ယူနီဖောင်းတွေ ချွတ်ပြီး တိုက်ပုံဝတ်၊ ခေါင်းပေါင်းပေါင်းထားတဲ့ အစိုးရက အခုလို ညှိနှိုင်းမှုတွေ လုပ်ပေးတာကို အကောင်းမြင်မှုမလွန်ကဲစေချင်ဘူး။
လက်နက်ကိုင်အဖွဲ့အစည်း အသီးသီးအနေနဲ့ နိုင်ငံရေး ကျားကွက်ထဲက နယ်သားရုပ်မဖြစ်စေချင်ဘူး။ ကိုယ့်ရဲ့ အရေးပါ အရာရောက်မှု အဆင့် နိမ့်လျှောသွားမှာ စိုးရိမ်နေသလားလို့ မေးခွန်း ထုတ်စရာ ဖြစ်လာနေပြီ။

ဒီနေရာမှာ ၀င်လာတာက နိုင်ငံချစ်စိတ်ဆိုတဲ့ ကိစ္စပါ။ ကချင်ပြည်နယ် အစွန်အဖျားက ရွာတစ်ရွာကို တရုတ်နိုင်ငံက ဒါဟာ သူတို့ပိုင်တဲ့ နယ်နိမိတ်ပါဆိုပြီး သမိုင်းအထောက်အထား မြေပုံကားချပ်တွေပြ အတင်းအဓမ္မ သိမ်းယူသွားမယ် ဆိုကြပါစို့။ ဘားအံမှာနေတဲ့ ကရင်လူမျိုးတစ်ယောက်က ကျေနပ်ပါ့မလား။ တောင်ကုတ်က ရခိုင်လူမျိုး တစ်ဦးအနေနဲ့ကရော ၀မ်းမြောက်နိုင်ပါ့မလား။ ထိုနည်းလည်းကောင်း ရှမ်း၊ မွန်၊ ချင်း၊ ဗမာ၊ ကယား . . . စတဲ့ တိုင်းရင်းသားတွေ အနေနဲ့ကရော ကျေနပ်နိုင်ကြပါမလား။

ဒါဟာ ရိုးစင်းလှတဲ့ နိုင်ငံချစ်စိတ်ပါ။

အခု မြန်မာနိုင်ငံကြီး ဘယ်လိုဖြစ်နေသလဲ။ စမ်းတ၀ါးဝါးဖြစ်နေတယ်။ ဘယ်အရေးကိစ္စမဆို နှောင့်နှေးကြန့်ကြာလွန်းနေတယ်။ ငြိမ်းချမ်းရေး တည်ဆောက်မှု လုပ်ငန်းစဉ် (Peace Building Process) ဟာ ဆိုရင် ဒီလိုပဲ နှေးကြပါတယ်။ အကောင်းဆုံး ဆွေးနွေး အဖြေရှာပြီးမှ အမှန်ကန်ဆုံး အကောင်အထည် ဖော်လို့ ရမှာ ဘာညာ ပြောနေကြတဲ့ စကားတွေလည်း ရှိတယ်။

ကျနော်ကတော့ အဲဒီ Protocol တွေကို သိပ်ပြီး အာရုံမထားဘူး။ မည်သူတစ်ဦးတစ်ယောက်ကမှ ဒါကတော့ဖြင့် လုပ်ရိုးလုပ်စဉ် Argenda တွေပါ ဆိုပြီး ပုံစံသွင်းတာမျိုး လက်ခံမှာ မဟုတ်ဘူး။

အစကတည်းက စားပွဲဝိုင်းနဲ့ ရှင်းမရလို့၊ တောင်းမရလို့ လက်နက်ဆွဲကိုင်ခဲ့ကြတာပဲလေ။ အပေါ်ယံ အကာတွေပဲပါပြီး အနှစ်သာရမရှိတဲ့ လက်ဆွဲနှုတ်ဆက်မှုတွေထက် သေနတ်ကိုင်တဲ့ လက်က ပိုရှင်းလင်း ပြတ်သားတယ်။ ကျည်ဆံတွေနဲ့ ဗုံးသံတွေကတော့ ခါးသက်တာ အမှန်ပါလေ။

အားလုံးကို ခြုံငုံပြီး ပြောချင်တဲ့ ကိစ္စကတော့ တစ်ခုတည်းပါ။ ဥပမာ တိုင်းရင်းသားတွေအနေနဲ့ သယံဇာတ ခွဲဝေမှု (Resource Sharing) နဲ့ ပတ်သက်လို့ မကျေနပ်ဘူး၊ ပြည်နယ်တွေမှာဖြင့် ကိုယ်ပိုင်ဥပဒေပြုရေး အားနည်းနေလို့ မကျေနပ်ဘူး၊ တပ်မတော်မှာဆိုလည်း ကိုယ့်နယ် တပ်ရင်း တိုင်းမှူးက ကိုယ့်တိုင်းရင်းသား မဖြစ်ဘူး စသည်ဖြင့် ကိစ္စဗရပွဟာ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ပဲ အဓိက သက်ဆိုင်နေတယ်။

ဒါကြောင့်မို့ ဆင်တစ်ကောင်လုံးကို မြင်နေလျက်သားနဲ့ ဆင်ခြေရာ မရှာကြဖို့ တစ်မြေတည်းနေ တစ်ရေတည်းသောက် သွေးချင်း ညီအကို မောင်နှမတွေကို လှုပ်နှိုးဆော်သြလိုပါတယ်။

-ကျော်လင်းထွန်း-

Comments