ရန်ကုန်တံတိုင်း
ဘာလင်တံတိုင်းကြီး ပြိုကျခဲ့တာ ပြီးခဲ့တဲ့ စက်တင်ဘာက ၂၅ နှစ်
တင်းတင်းပြည့်ခဲ့ပြီ။ ဒီတံတိုင်းကို အရှေ့ဂျာမနီ ကွန်မြူနစ်အစိုးရက
ကာရံထားခဲ့ခြင်းဖြစ်ကာ ပြည်သူတွေဟာ ၂၈ နှစ်ကြာအောင် အကျဉ်းချခံခဲ့ရတယ်။
လွတ်လပ်မှု၊ တရားမျှတမှု၊ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးဆိုတဲ့ ဧရာမကြွေးကြော်သံတွေ လျှံတက်မလာအောင်လည်း ဒီတံတိုင်းနဲ့ပဲ တားဆီးကာရံ ထားခဲ့တာပေါ့။
ရန်ကုန်က ကြိုဆိုပါတယ်။
ရန်ကုန်မှာတော့ အုတ်သား၊ ဘိလပ်မြေတို့နဲ့ မံထားတဲ့ ဘာလင်တံတိုင်းမျိုး မရှိတာ အားလုံးအသိပါ။ သို့သော် နှစ်ပေါင်း ၅၀ ကျော်ကြာ အသွင်ပြောင်းခံထားရတဲ့ အတွေးအခေါ်တွေ၊ စနစ်တွေကတော့ မမြင်နိုင်စွမ်းတဲ့ ဧရာမတံတိုင်းကြီးသဖွယ် ဖြစ်လို့နေပါတယ်။
တစ်နေ့က မြို့မကျောင်းကို ရောက်တယ်။ ထုကြီးထည်ကြီး တည်ဆောက်ထားတဲ့ မြန်မာ့ဟန် ဗိသုကာ၊ ကျယ်ဝန်းတဲ့ ကျောင်းပရ၀ုဏ်တွေကို ကြည့်ပြီး သိပ်လှတာပဲနော်လို့ ပြောမိတော့ ကျောင်းအုပ်ကြီးက လှအောင်လည်း လုပ်ထားရတာလေလို့ ဆိုလာတော့ စိတ်ထဲမှာ ရယ်ချင်သွားမိတယ်။
ကျောင်းရင်ပြင်မှာ ပြန့်ကြဲနေတဲ့ ဗန္ဓာရွက်တွေကို ပြောသလား၊ ကျောင်းပတ်လည်က ခြုံနွယ်ပိတ်ပေါင်းတွေကို ပြောသလား၊ ရေညှိတက်နေတဲ့ နံရံတွေကို ပြောသလား၊ သံချေးကိုက်နေတဲ့ ကျောင်းတံခါးကြီးကို ပြောသလား စဉ်းစားလို့ မရဘူး။
ဒါက ပမာပြု တင့်စားလိုက်တာပါ။ ဟောဒီရန်ကုန်တစ်မြို့လုံးမယ် လှအောင်လည်း လုပ်ထားရတာလေ၊ ကောင်းအောင်လည်း လုပ်ထားရတာလေ ဆိုတဲ့ လူတန်းစားတွေ အလွှာအသီးသီးမှာ ရှိကြတယ်။ ရန်ကုန်မြို့ကြီးကတော့ ညစ်ပတ်စုတ်ပြတ်နေတော့တာပဲ။
ဗိုက်ပူ(ချက်ကြီး) ပေါ်က အပြုသဘောစိတ်ထားတွေ၊ နှမသားချင်းစာနာမှုတွေဟာ G2000၊ မေတ္တာလှိုင်းနဲ့ ပါရမီ၊ အဓိပတိ၊ မထသ စတဲ့ ယာဉ်လိုင်းတွေပေါ် လိုက်လာရဲ့လား။
ပင်စင်စား အဖိုးအဖွားတွေလည်း ရာသီဥတုပူပြင်းမှုဒဏ်ကို ကျောကော့အောင်ခံစားရင်း ခေတ်စနစ်ဆိုတာကြီးကို ငြီးတွားစရာ စကားလုံးအသစ်တွေ ရှာမရကြတော့ပါဘူး။ ဘ၀ရဲ့ ဆည်းဆာကို အညင်သာဆုံး ဖြတ်သန်းဖို့က နောက်ဆုံး ဆန္ဒနဲ့ မျှော်လင့်ချက် ဖြစ်နေပြီ။
အလုပ်သမား၊ လယ်သမား နိုင်ငံတော် တည်ဆောက်တုန်းကလည်း သီအိုရီတွေပဲ ကိုင်ဆောင်ရင်း လက်တွေ့စေတနာနဲ့ အလုပ်မပါ၊ ကျမ်းမကျေတဲ့ လက်ဝဲသူငယ်နာပေါင်း များစွာကြောင့် ရန်ကုန်ဟာ စက်မှုမြို့တော်မဖြစ်ခဲ့ရဘူး။ ဘာနဲ့တူနေလဲ ဆိုတော့ လမ်းပြတဲ့သူက တောင်စဉ် ခုနစ်ထပ်မှာ ဟိုနေရာဝင် သေးပေါက်၊ ဒီနေရာဝင်အီးပန်း လုပ်နေတော့ နောက်ကလိုက်ရသူတွေလည်း ကြောင်တောင်ကန်းတွေ ဖြစ်နေရသလိုပါ။
အခုလည်း တစ်ခါ ပြည်သူလူထုကြီးဟာ နဝေတိမ်တောင်၊ မိုးခေါင်ရာ လေလူး ရူးမတတ်ဖြစ်နေရပြန်ပါကော။ ဒီနေရာမယ် ပြည်သူလူထုလို့ သုံးနှုန်းတာကို သဘောမတွေ့တဲ့၊ ကျနော်နဲ့ စိတ်သဘောချင်း မတိုက်ဆိုင်တဲ့ ပြည်သူပေါင်းများစွာ ရှိကြအုံးမှာပါ။
ကနဦးပိုင်းက ပြောခဲ့တဲ့ တံတိုင်းကြီးပေါ့။ ရန်ကုန်တံတိုင်းကြီးဆိုပါတော့။
ရန်ကုန်တံတိုင်းကြီးလို့ ပြောရတာကတော့ ရှင်းပါတယ်။ မင်းနေပြည်တော်ကို ဘယ်နေရာမှာပဲ ရွှေ့ထားရွှေ့ထား ရန်ကုန်ဟာ မြန်မာနိုင်ငံရဲ့ ဗဟိုဌာနန္တရကြီးပါ။ ကဗျာက၀ိကြီး မောင်ချောနွယ်ဆို ရန်ကုန်ဟာ သူ့အတွက် ရှေ့တန်းစစ်မျက်နှာလို့တောင် ဖွင့်ဆိုခဲ့ပါတယ်။ ထားပါတော့။
ခုနက ပြောတဲ့ ပြည်သူ အတန်းအစား နှစ်ရပ်ကြားမှာ တည်ဆောက်ထားတဲ့ တံတိုင်းကြီးကို ကျနော်တို့ ဘယ်လို ဖြိုချကြမလဲ စဉ်းစားဖို့ကောင်းတယ်။
ဆင်းရဲ ချမ်းသာ ကွာဟမှုတွေနဲ့ ဘာမှမဆိုင်ဘူး။ နှစ်မျိုးပဲ ကွာခြားတယ်။ ပြည်သူတစ်ဦးတစ်ယောက်အနေနဲ့ မိမိရဲ့အခွင့်အရေး၊ စစ်မှန်တဲ့ ရပိုင်ခွင့်တွေက ဘာတွေလဲ ဆိုတာကို သိသောသူနဲ့ မသိသောသူပါ။ ဒါကိုမှ ထပ်ပြီး ခွဲခြမ်းစိတ်ဖြာလိုက်ရင် ပြည်သူ့အခွင့်အရေးကို သိတယ်။ သို့သော် အပြည့်အ၀ မရရှိသေးတာကို ဘယ်လိုရအောင်လုပ်မလဲ၊ မသိသူရှိမယ်၊ သိသူရှိမယ်၊ သိပြီး လုပ်သူရှိမယ်၊ မလုပ်သူရှိမယ်။
ဒီတော့က အပြစ်မဲ့ ပြည်သူအချင်းချင်း အပြစ်တင်လက်ညှိုးထိုးနေကြမယ့်အစား မသိသူကို သိအောင်၊ သိသူကို လက်တွေ့ ရယူတတ်၊ အသုံးချတတ်လာအောင် ဖေးမရမှာ ဖြစ်တယ်။
ပြည်သူတစ်ဘက်ခြမ်း (နိုင်ငံရေးတွေဘာတွေ စိတ်မ၀င်စားပါဘူး၊ ကိုယ့်မိသားစု စားဝတ်နေရေးနဲ့တင် လုံးလည်ခြာလည်လိုက်နေတာ) ကလည်း အခြားပြည်သူတစ်ဘက်ခြမ်းအပေါ် နားလည်မှုထားပြီး တဖြည်းဖြည်း လေ့လာဖို့ပါ။ ဘယ်နိုင်ငံရေးပါတီထဲမှ ၀င်ဖို့ တိုက်တွန်းတာမဟုတ်သလို လမ်းပေါ်ထွက် ဆန္ဒပြဖို့လည်း စည်းရုံးတာမဟုတ်ပါဘူး။ နှုတ်၏ ဆောင်မခြင်း၊ လက်၏ ဆောင်မခြင်းနဲ့ သားစဉ်မြေးဆက်ဆိုတဲ့ စကားရပ်ကို အလေးအနက်ထားပြီး အေးခဲနေတဲ့ နိုင်ငံချစ်စိတ် (စစ်စစ်) ကို မီးစာလှုံ အနွေးဓာတ်ပေးဖို့ပဲ ပြောလိုရင်းပါ။
ရန်ကုန်တံတိုင်းကို ကျနော်တို့ ဖြိုချလိုက်ရအောင်။ ကွန်မြူနစ်၊ ပစ္စည်းမဲ့ ၀ါဒအတွက် နောက်ဆုံးကျားကန် အားထုတ်တဲ့ အနေနဲ့ တည်ဆောက်ခဲ့တဲ့ ဘာလင်တံတိုင်းလို မဟုတ်ဘူး ဆိုတဲ့ အကြောင်းကိုတော့ အလေးအနက်ပြောလိုတယ်။
ရန်ကုန်တံတိုင်းဟာ လက်တစ်ဆုပ်စာ လူနည်းစု စစ်အာဏာရှင်တွေ ၊ စားဖားနဲ့ ခရိုနီအပေါင်း ကောင်းစားရေး အတွက် စနစ်တကျ နှစ် ၅၀ ကျော်ကြာ အဆီကိုစား အသားကိုမြိုပြီး ဆောက်ခဲ့တာ ဖြစ်တယ်။
လုပ်စားတော့ မိုးခေါင်၊ ခိုးစားတော့ ခွေးဟောင် ဆိုသလို အဖြစ်ဆိုးကနေ နိုးထနိုင်ကြပါစေ . . . ရန်ကုန်သူ ရန်ကုန်သား အပေါင်းတို့ . . . ။
-ကျော်လင်းထွန်း-

Comments
Post a Comment