သမ္မတ အိုဘားမားသို့ အိတ်ဖွင့်ပေးစာ



သမ္မတ အိုဘားမားသို့ အိတ်ဖွင့်ပေးစာ
သို့/ မစ္စတာ အိုဘားမား

မြန်မာနိုင်ငံ အရှေ့တောင်ပိုင်းတစ်ခွင်တွင် အစိုးရ စစ်တပ်များကြောင့် လူ့အခွင့်အရေး ချိုးဖောက်ခံနေရခြင်းများကို အလေးပြုပေးရန် ကရင်လူ့အခွင့်အရေး အဖွဲ့မှ ပန်ကြားအပ်သည်။

ကရင်လူ့အခွင့်အရေးအဖွဲ့သည် ၁၉၉၂ ခုနှစ်မှ စတင်၍ မြန်မာနိုင်ငံအရှေ့တောင်ပိုင်းတွင် ပေါ်ပေါက်ခဲ့သည့် လူ့အခွင့်အရေးချိုးဖောက်မှုများကို မှတ်တမ်းပြုထားကာ လူ့အခွင့်အရေးနှင့် သက်ဆိုင်သည့် မှတ်တမ်းမှတ်ရာများ ပြုစုနိုင်ရေးအတွက် သင်တန်းသား တစ်ရာခန့်အထိ သင်ကြားပေးထားပြီးလည်း ဖြစ်သည်။ 

ငြိမ်းချမ်းရေးနိုဘယ်ဆုအတွက် ကရင်လူ့အခွင့်အရေးအဖွဲ့သည် နှစ်ကြိမ်တိုင်တိုင် လျာထားခံခဲ့ရကာ ယမန်နှစ်အတွင်းကလည်း အာရှ ဒီမိုကရေစီနှင့် လူ့အခွင့်အရေးဆုကို တိုင်ပေ ဒီမိုကရေစီ ဖောင်ဒေးရှင်းမှ ချီးမြှင့်ပေးအပ်ခြင်း ခံခဲ့ရသည်။

ကျွန်ုပ်တို့ ထံမှ သုတေသီတို့ တင်ပြအပ်သော အစီရင်ခံစာများအရ KNU နှင့် အစိုးရစစ်တပ်အကြား ၂၀၁၂ ခုနှစ် ဇန်န၀ါရီတွင် အပစ်အခတ်ရပ်စဲရေး လက်မှတ်ရေးထိုးထားသော်လည်း အစိုးရ တပ်မတော် ဘက်မှ အင်အားများ တိုးချဲ့ချထားခဲ့ကြသည်။ ယင်းသို့ ချထားခြင်းဖြင့် ကျေးလက်နေ ရွာသူရွာသားများအပေါ် လူ့အခွင့်အရေး ချိုးဖောက်မှုများကို ဖြစ်ပေါ်စေပြီး ငြိမ်းချမ်းရေးအဓွန့်ရှည်တည်တန့်ရန် မျှော်မှန်းချက်များ ပျက်ပြားစေသည်။ မကြာသေးမီက ဖြစ်ပွားခဲ့သည့် အလွတ်တန်းသတင်းထောက် ကိုပါကြီးကို စစ်တပ်မှ သတ်ဖြတ်ခဲ့မှုက နောက်ဆုံး သာဓက တစ်ခုပင် ဖြစ်သည်။ တိုင်းရင်းသား ဒေသများတွင် ငြိမ်းချမ်းရေးဖော်ဆောင်ရန် ပြည်သူများအား ဦးသိန်းစိန်မှ ကတိက၀တ်များ ပြုနေချိန်၌ မြန်မာနိုင်ငံအရှေ့တောင်ပိုင်းမှ တပ်မတော်နှင့် နယ်ခြားစောင့်တပ်များ အင်အားလျှော့ချရေးကို တားဆီးမှုများ မရှိသင့်ပေ။

မြန်မာနိုင်ငံအရှေ့တောင်ပိုင်းတွင် တပ်မတော်နှင့် အစိုးရနယ်ခြားစောင့်များသည် အပြစ်မဲ့ ရွာသူရွာသားများအပေါ် နှိပ်စက်မှုများ ဆက်လက်ဆောင်ရွက်နေသည်။ မကြာသေးမီ လအနည်းငယ်ကပင် စစ်သားများက ပြည်သူများကို ကိုယ်ထိလက်ရောက်ကျူးလွန်ခြင်း၊ သတ်ဖြတ်ခြင်းနှင့် လိင်ပိုင်းဆိုင်ရာအရ ကျူးလွန်စော်ကားမှုများ ရှိခဲ့သည်။ ဆပ်ကြေးများ ကောက်ခံခြင်း၊ စစ်သုံ့ပန်းအဖြစ် အတင်းအဓမ္မ ခေါ်ငင်ခိုင်းစေခြင်းများလည်း ရှိသည်။ အစိုးရနယ်ခြားစောင့် တပ်များသည် မူးယစ်မှောင်ခို ကုန်ကူးခြင်း၊ မူးယစ်ဆေး သုံးစွဲ၍ လူသတ်မှုများ ကျူးလွန်ခြင်း စသော အစီရင်ခံစာများကိုလည်း မိမိတို့ ရရှိထားပြီး ဖြစ်သည်။ မြန်မာ အရှေ့တောင်ပိုင်းမှ ဒေသခံများစွာတို့ကို ကရင်လူ့အခွင့်အရေးအဖွဲ့သည် တွေ့ဆုံမေးမြန်းရာ ၎င်းတို့တွင် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အပေါ် အစိုးရတပ်မတော်၏ လှုပ်ရှားမှုများကြောင့် သံသယရှိလာကြောင်း သိရသည်။ မိမိတို့ အဖွဲ့အနေဖြင့် သမ္မတ (အိုဘားမား) အား မြန်မာနိုင်ငံကို တောင်းဆိုစေလိုသည့် အချက်များမှာ -

-       စစ်စခန်းအသစ်များ တည်ဆောက်ခြင်း၊ သို့မဟုတ် ရှိနေပြီးသား အရပ်သားလူနေ နယ်နိမိတ်များ အတွင်းမှ စခန်းများသို့ ထပ်မံ အင်အား ဖြည့်တင်းခြင်း မပြုရန်
-       အစိုးရ၏ စစ်တပ်များကို အရပ်သားတို့ နေထိုင်ရာ နယ်နိမိတ်များအတွင်းမှ အမြန်ဆုံး ဖယ်ရှားပေးစေရန်
-       ဒေသခံများအပေါ် လူ့အခွင့်အရေးချိုးဖောက်သည်ဟု စွပ်စွဲခံရသော စစ်သားများကို သင့်လျော်သည့် နေရာတွင် စုံစမ်းစစ်ဆေး၍ အမှုဖွင့် အရေးယူရန်

ဆောဝေလေး
အကြံပေး စေ့စပ်ညှိနှိုင်းရေးမှုး
ကရင်လူ့အခွင့်အရေးအဖွဲ့ 

 Ref;Open Letter from Karen Human Rights Group to President Obama (BurmaPartnership)

Comments