"ယာကူဇာငါးနှင့် ဗို့အား ၆၀၀၀"



ဒီတက်တူးရဲ့ အတိတ်သမိုင်းလေး ပြောရဦးမပေါ့။ ထိုးတာ ၂၀၁၀ ပြည့်နှစ်ကပါ။ အဲဒီတုန်းက ကျနော် အလူမီနီယံ လုပ်ပါတယ်။ ကျနော့် ဆရာနာမည်က ကိုသန်းလင်း ခေါ်သဗျ။ လူကောင်းပါဗျာ . . စိတ်သဘောထား ဖြူစင်တယ်၊ အင်မတန် စလို့နောက်လို့ ကောင်းသလို ခင်ဖို့လည်း ကောင်းတယ်။

သူ့မှာက တက်တူးနှစ်ခုရှိတယ်၊ တစ်ခုက ပေါင်မှာ . . အာဠာဝက (ဘီလူးပုံ) ။ အဲဒါက စုတ်နဲ့ထိုးထားတာ . . ဆေးသားလည်း လှတယ်၊ ကောက်ကြောင်းလည်း ရှင်းတယ်။ အဲ . . နောက်တစ်ပုံကတော့ ဂျွတ်စကွတ် . . ၊ အဆွေတို့ မြင်ဖူးပေမပေါ့ ၊ ရပ်ကွက်ထဲမယ် . . ထရန်စဖော်မာကြီးတွေ ရှိပါရောလား . . . အဲဒီက ဗို့အား ၆၀၀၀ ဆိုတာလေ . . အဲလိုပုံဗျို့! ပေါင်ရိုးနှစ်ချောင်း ကြက်ခြေခတ် လုပ်ထားပြီး အဲ့အပေါ်မှာမှ လူရိုးခေါင်းပုံ။ အဖြဲဇယားပေါ့ဗျာ . . မကပ်နဲ့ . . ကပ်ရင် ဓါတ်လိုက်မယ်လို့ ဆိုရင်းလော မသိ။ အဲ့အချိန်က စန္ဒီမြင့်လွင်ရဲ့ ရှော့ခ် သီချင်း မပေါ်သေးတာ ကံကောင်းသွားတယ်၊ နို့မို့ဆို ကိုသန်းလင်းကို စ စရာ တစ်ခုတိုးသွားမယ်။ 


အော် . . ဒီလို ကိုယ့်ဆရာသမားအကြောင်း  ပြန်တွေးတော့ တစ်စွန်းတစ်စ ဦးနှောက်ထဲက ထွက်ကျလာတာတွေလည်း ရှိလေရဲ့။ သူ့ပညာရေးက အထက်တန်းအဆင့်ပဲ၊ မအောင်ဘူး ဆိုပါတော့။ သူ့အမျိုးသမီး မဖြိုးသန္တာက BA ဘွဲ့ရဗျ ။ ဒီတော့ ရည်းစားဘ၀မှာ မိန်းကလေးဘက်က ဘယ်သဘောတူပါ့မလဲ။ ကျနော့်ဆရာသမားက ကြုံမငေးသားဗျ။ သိတယ်မှလား . . ရိုးသားကြိုးစား ဧရာဝတီသားလေး . . ၊ ပညာရေး အထမမြောက်တာနဲ့ ဘ၀ကို လက်မြှောက်အရှုံးမပေးတတ်ဘူး။ ရန်ကုန်တက်ပြီးအကိုတွေနဲ့ အတူ အလုပ်လုပ်တာ၊ အလူမီနီယံဆိုတာက အာပေသရူး ပေါက်လွှတ်ပဲစားအလုပ်မျိုးမှ မဟုတ်တာ၊ အတွက်အချက်နဲ့၊ ဂဲသြမေတြီ စတဲ့ သင်္ချာပညာရပ်တွေလည်း သုံးရသကိုး။ တချို့သော ဆောက်လုပ်ရေးနည်းနာတွေဆို အင်ဂျင်နီယာပေါက်စနလေးတွေတောင် မတတ်လို့ ကျနော်များ ဆီမှ တပြည့်ခံရတယ်၊ (အဲ . . နောက်များမှ ဆရာကို ကျေးဇူးကန်းတတ်ကြတာ၊ သခင်အားရ ကျွန်ပါးဝလို့ ဟောက်စားလုပ်တတ်ကြတာကတော့ တစ်ပိုင်းပေါ့လေ) ဒါတင်မကသေးဘူး ခန္ဓာကိုယ်ကြံ့ခိုင်မှုကလည်း ရှိရသေးရဲ့။

တစ်နေ့ ကိုသန်းလင်း အလုပ်ကပြန်တော့ မဖြိုးနဲ့ လိုင်းကားစီးသဗျ။ အဲ့အချိန်မှာပဲ ယောက္ခမ လောင်းကြီးက ကားပေါ်တက်လာတာ . . မဖြိုးလည်း "ဟဲ့ . . သန်းလင်း၊ ရှေ့မှတ်တိုင် နင်ဆင်းတော့ ဟိုမှာ အမေပါလာတယ်" လို့ ဆိုသတဲ့။ အဲ့အခါမယ် ကိုသန်းလင်းက "မဆင်းဘူး၊ မဆင်းနိုင်ဘူး" ဆိုပြီး ပေတေ ကပ်ပါလာတယ်တဲ့။ နောက်တော့ မဖြိုးအမေက မြင်သွားပြီး ကွိုင်တက်မလို ဖြစ်ရော၊ ဒါပေမဲ့ မဖြိုးတို့အမေက ကားပေါ်မှာမို့ လျှော်လိုက်တယ် ထင်ရဲ့ဗျာ။ ပြသနာ အကြီးအကျယ်မဖြစ်တော့တာ။ ကားဂိတ်ရောက်၊ လမ်းခွဲ၊ ကိုယ့်အိမ်ကိုယ် ပြန်ကြပြီး နောက်တစ်နေ့ည ချိန်းတွေ့တော့ ကားပေါ်မှာ ခေါင်းမာတဲ့ ကိုသန်းလင်းကို မဖြိုးက အံ့အားသင့်စွာနဲ့ ဘာပြုလို့မဆင်းလဲဆို မေးပါလေရော။ အဲ့မယ် ကိုသန်းလင်းကြီး ပြန်ပြောတာက "ငါ့မှာ ကားခမှ မရှိတာ" တဲ့ လေ ကွယ်ရို့။

အဲ့လို နောက်တီးနောက်တောက် ဆရာသမား ပေပါ့။ တက်တူးထိုးဖြစ်ကြတာကတော့ တောင်ဒဂုံ ၁၀၇ မှာလေ။ ကြားဖူးနားဝလည်း ရှိကြမှာပေါ့ဗျာ . . . အဲ့ဘက်မှာက သိတယ်မှလား၊ စိတ်ကထောင်းကနဲဆို အင်းးးးးးးးး . . . ထောင်းခနဲ့ပဲ ထားပါတော့လေ။ တစ်ခါမှ ကိုယ်လည်း မရောက်ဖူးတဲ့ဒေသ၊ သူလည်း မရောက်ဖူးဘူး၊ ရပ်ကွက်ထဲနေသွားဖူးတဲ့ သူငယ်ချင်းဟောင်းနဲ့ ပြန်တွေ့ပြီး အဲ့သူငယ်ချင်းက တက်တူးဆရာကောင်းကောင်းရှိတယ်ဆို အတောင်တပ်တာပဲ။ ကျနော်ကလည်း ထိုးဖို့အစီအစဉ်တော့ရှိရဲ့ ၊ နို့ပေမဲ့ မထိုးဖြစ်သေး၊ ဒီလိုနဲ့ရောက်သွားကြတယ် ဆိုပါတော့။

၁၀၇ မှတ်တိုင်ရောက်တော့ လယ်ကွင်းတွေနားထိ ကျိုးတို့ကျဲတဲ ရပ်ကွက်ထဲ အတော်ဝင်သွားရတယ်၊ တက်တူးဆရာဆိုတဲ့ လူအိမ်ကို ရောက်တော့ အိမ်က ၈ ပေ ပတ်လည် တဲလေး။ အတော် စုတ်စုတ်ပြတ်ပြတ်ပဲ။ ရောက်တယ်ဆိုရင်ပဲ ခဏနား၊ အပ်တွေ၊ အရက်တွေ . . တိုလီမုတ်စတွေဝယ်၊ စကားစမည်ပြော၊ ဂစ်တာတွေဘာတွေ ဒေါင်ဒေါင်ဒင်ဒင်ခေါက် . . . ပြီး တော့ စထိုးတော့တာပဲ . . . ။

အားလားလား . . နားလိုက်တာမှလေ . . ဘယ်လို နာမ၀ိသေသန သုံးရမှန်းတောင် မသိတော့ပါဘူး၊ အရမ်းကိုနာတာ . . . ။ အော် ၊ ဆောရီး . . ကျနော်အရင်နာတာတော့ မဟုတ်ဘူး၊ သူအရင်နာတာ၊ သူ့အတွက် သုံးပုံမြောက်လေ။ သူ့ပုံက အလန်းပဲ ၊ လူတွေ သိပ်မထိုးကြဘူး ၊ ဘက်ခမ်း ခါးမှာထိုးထားတဲ့ The Sorrow Jesus လိုမျိုးပဲ၊ သူက လက်မောင်းမှာ . . ငိုနေတဲ့ ယေရှုသခင်ပေါ့လေ။ ကျနော်ကတော့ ယာကူဇာငါး၊ (ငါးဘီလူး) ဆိုပါတော့။ သူက ပိုက်ဆံ ၁၅၀၀ ပါတယ်၊ ကျနော့်မှာက ၄၀၀၀ ပါတယ်၊ နှစ်ယောက်ပေါင်းမှ ၅၅၀၀။ တက်တူးဆရာက သုံးဆယ်ဝန်းကျင်ပဲ။ ထောင်ထဲက ထွက်လာတာ သုံးပတ်လောက်ပဲ ရှိသေးတယ်၊ ဆေးမှုနဲ့။ သူ့အပြောအရတော့ အဲ့လိုပဲ . . ၀င်လိုက်ထွက်လိုက် ဆိုပါတော့။ နောက် ယုံရခက်၊ မယုံရခက်ပေါ့လေ. . . ဒိုးလုံးကြီး ဆီးစပ်က ဆင်ခေါင်းက သူဆွဲပေးခဲ့တာဆိုပဲ။ အရင်က သူထိုးပေးနေတာကို ဓါတ်ပုံရိုက်ထားတာ ရှိသတဲ့။ နောက်မှ ပြောင်းဟယ်ရွှေ့ဟယ်နဲ့ ပျောက်သွားတာတဲ့။

မှတ်မှတ်ရရ အဲ့ဒီညနေခင်းမှာ ခင်ခဲ့ရတဲ့ လူနှစ်ယောက်ရှိတယ်၊ တစ်ယောက်က ဆပ်ပြာပူဖောင်း ဆော့စရာ တန်ဆာပလာလေးတွေ လုပ်ရောင်းတဲ့ ကုလား၊ နောက်တစ်ယောက်က ဖခင်ဖြစ်သူက အမေရိကန်လို့ပြောတဲ့ အသက် ၄၀ ကျော်အရွယ် မျက်နှာဖြူတစ်ယောက်။ ကုလားအကြောင်း အရင်ပြောမယ် . ကျနော်တို့ တစ်လ လစာ ၇၀၀၀၀ ကို အသက်နဲ့ရင်းပြီး အန္တရာယ်တွေကြားမှာ လုပ်ကိုင်ရှာဖွေနေရစဉ်မှာ . သူ့ရဲ့ တစ်နေ့တာဝင်ငွေက ၄၀၀၀ ရှိတယ်။ အေးပေါ့လေ . . အံ့သြစရာတော့ သိပ်မရှိပါဘူး၊ သူ ဒီလိုရောင်းရဖို့ ဘယ်နှမြို့နယ်တောင် ပတ်လျှောက်ခဲ့ရလဲ၊ အော်ဟစ်ရောင်းခဲ့ရလဲမှ မသိတာ။ နောက်တစ်ယောက်အကြောင်းကတော့ ထူးသဗျာ။ သူအဖေက အမေရိကန်လူမျိုး . . မြန်မာပြည်မှာ လာနေရင်းနဲ့ သူအမေနဲ့ အကြောင်းပါသွားတာ။ နောက်တော့ သူ့အမေကို US ကို လိုက်ခဲ့ဖို့ ခေါ်ပါတယ်တဲ့ ၊ သူ့အမေက အဘွားဖြစ်သူကို မခွဲနိုင်လို့ ဒီမှာပဲ ကျန်ခဲ့ပြီး ရုန်းကန်ခဲ့တာ... ဒီလူ့ကို ဘယ်လိုကြည့်ကြည့် အမေရိကန် အဖြူတစ်ကောင်နဲ့ တစ်ထေရာတည်းကို တူနေတာ၊ အဲ သူ့ကိုယ်မှာ ၀တ်ထားတဲ့ မြင်းခေါင်း စွပ်ကျယ် အနွမ်းလေးနဲ့ ပုဆိုးကြမ်းကြောင့်သာ မြန်မာပုံပန်းသဏ္ဍာန်ပေါက်တာ။ သူ့အကြောင်း ဆက်ပြောရရင်း နောက်ပိုင်း ဇော်ဝင်းရှိန်တို့ အဖွဲ့နဲ့ တွဲဖြစ်သတဲ့။ ယိုးဒယားနယ်စပ်မှာ သီချင်းသွားဆိုတာတွေဘာတွေ လိုက်သွားဖူးတယ်တဲ့။ အရေးအခင်း ဖြစ်ပြီးစအချိန် ဟိုမှာ သူတို့ကို ပရိတ်သတ်တွေက ရိုက်ဖယ်တွေ၊ ပစ္စတိုတွေ ဆုချတာ . . . သူတို့က မယူဘူး၊ အစိမ်း တွေဆို ပလူပျံနေတာပဲ၊ ဒါလည်း မယူဘူး၊ ဘီယာတွေပဲ ဖာလိုက် မလာခဲ့ကြသတဲ့။

ထားပါတော့လေ။ အဲ့လိုနဲ့ ကျနော် တက်တူး ထိုးဖြစ်သွားတယ် ဆိုပါတော့ ။ ကျနော်ကတော့ လက်ရာကို မဆိုးဘူး၊ ကြည့်ပျော်ရှုပျော် ရှိတယ်ပေါ့။ ကျနော် ဇနီးကတော့ ယာကူဇာငါးလို့ ပြောတာ လက်မခံဘူး . . . ငါးမြစ်ချင်းနဲ့ တူတယ် ၊ ငါးသလောက်နဲ့တူတယ်၊ . . . တစ်ခါတစ်လေလည်း ဘာငါးမှန်းကို အမည်ဖော်လို့ မရဘူး ဆိုပြီး သင်္ဂြိုဟ်ပြုလေရဲ့ . . .။ ဘယ်လိုပဲ ဖြစ်ဖြစ်ပါ . . ကျနော်ပြောချင်တာက ဘ၀မှာ တက်တူးတစ်ခါတော့ ထိုးဖြစ်သွားတယ်၊ နောက်ထပ်တော့ ထိုးဖြစ်မှာ မဟုတ်ဘူး။ ဘ၀က တစ်ယောက်တည်း မဟုတ်တော့ဘူးလေ၊ လင်ရယ်မယားရယ် ဖြစ်လာပြီဆို တစ်ဦးမကြိုက်တာကို တစ်ဦးက ရှောင်ကြဉ်ရတာ သဘာဝပဲဟာ . . . လေးစားမှုလည်း လိုအပ်တယ်၊ နွားနဲ့ မယား မသနားနဲ့ ဆိုတဲ့ စကား ကြားဖူးတယ်၊  ကျနော် လက်မခံပါဘူး၊ ဇနီးမယားကို ဆရာသခင်၊ မိဘ စသည်တို့နဲ့ မခြား လေးစားမှုရှိရတယ်လို့ ကျနော်တို့ မြတ်ဗုဒ္ဓ ဟောဖော်ညွှန်ပြခဲ့ဖူးတာပဲ . . .။

-ကျော်လင်းထွန်း-

Comments