"လက်ကြားထဲက ယိုစိမ့်ကျလာတဲ့ ကမ္ဘာ"




ကျွန်တော် လမ်းမလျှောက်သေးပါ ဟုဆိုလျှင် သင်တို့ သင်တို့ ယုံမည်မဟုတ်ပါ။ ယုံသည်ဖြစ်စေ မယုံသည်ဖြစ်စေ ကျွန်တော့်တွင် ထူးထူးခြားခြား အရေးမကြီးလှပါ။ ထိုကဲ့သို့ လမ်းမလျှောက်ခြင်းမှာ ကျွန်တော်အတွက် လျှောက်စရာလမ်းမရှိသောကြောင့် ဖြစ်နိုင်သလို ခြေထောက်များ မထွက်သေးသောကြောင့်လည်း ဖြစ်နိုင်ပါသည်။ သင်တို့ ရော မည်သို့ ထင်ပါသနည်း။

နည်းပညာများ တစ်ရက်ထက်တစ်ရက် ပိုမိုဆန်းသစ်လာသော ယနေ့ ခတ်တွင် တစ်ရက်တစ်ရက်ကြွေလွင့်နေရသော သစ်ရွက်များလည်း မနည်းလှပါ။ မောင်းသူမဲ့လေယာဉ်တစ်စီး သူ့ သခင်ကိုလိုက်ရှာရင်း မောလို့ နဲ့ တူတယ် ချောင်းစပ်မှာရေဆင်းသောက်နေတာကို ကျွန်တော်တွေ့ လိုက်တယ်။ လောက်စာလုံးက လေးခွကိုပြန်ပစ်ပြီး စစ်အောင်လာသော စစ်သူကြီးတစ်ယောက်လို ပမာမခန့် အပြုံးနဲ့ "တွေ့ တယ်မဟုတ်လား"မေးငေါ့ပြတယ်။


 ပြာတွေ၊ ဖတ်လတ်စ မပိတ်ပဲရှိနေတဲ့ စာအုပ်တွေ၊ မလျှော်ရသေးတဲ့ ခပ်နွမ်းနွမ်း အင်္ကျီတွေ၊ ဆေးပေါ့လိပ်အတိုတွေ၊ ခြေရင်းရောက်နေတဲ့ သွားရည်ကွက် ဗလပွခေါင်းဦးတစ်လုံး အဲ့ဒါတွေပြန့်ကြဲနေတဲ့ ကျွန်တာ့်အခန်းလေးက နတ်ဆိုးတစ်ကောင်ရဲ့ ပန်းချီကားတစ်ချပ်လို မှုန်တေတေနဲ့ ကျွန်တော့်အခန်းလေးအဖြစ်ပိုမိုပီပြင်နေဆဲဖြစ်သည်။
"အဲ့ဒါမို့  သူ့ အခန်းကိုမလာချင်တာ"လို့ ချစ်သူက တခါတခါရေရွတ်ဖူးတယ်။ အဲ့လိုပြောသံကြားတိုင်း တစ်စက္ကန့် ရဲ့သုံးပုံ နှစ်ပုံစာလောက် ကျွန်တော့်မျက်လုံးအိမ်ကပြဝေသွားခဲ့ရတယ်။

စက္ကန့် တံလေးတွေရဲ့လှုပ်ရှားမှု၊ပြက္ခဒိန်တွေစုပ်ဖြဲခံရမှု ။
သဘာဝတရားထဲကဆန့် ထွက်လာမဲ့ လက်တစုံကိုအချိန်တိုင်း ကျွန်တော်မျှော်လင့်နေခဲ့တာကြာပြီ။

ဒီချောင်းရိုးလေးအတိုင်းသွားရင် ပင်ဘယ်ဆီရောက်မှာလား။ကျွန်တော့်ရဲ့ အာဟာရသုံးစွဲမှုသည် အနုပညာခံစားမှု နဲ့ ကော်ဖီခါးခါးတစ်ခွက်ထက်ပိုသည်။ ဝေးကွားခြင်းရဲ့ ဆုလာဘ်အဖြစ် အလွမ်းတွေတနင့်တပိုးနှင့် ကျွန်တော်နေထိုင်ဆဲပါ။

ကျွန်တော်နေထိုင်ရာအရပ်တိုင်းတွင် လွပ်မြောက်မှု့ တချို့ရှိနေပါသည်။ ထိုအကြောင်းကို မည်သူတစ်ဦးတစ်ယောက်ကိုမှ ပြောဖြစ်မည်မဟုတ်ပါ၊ ဒါသည်ပင် ကျွန်တော်၏ လူသားဆန်မှု အတ္တတစ်ခုဖြစ်ပေလိမ့်မည်။ ကျွန်တော်ကောင်းမွန်စွာ အိပ်စက်အနားယူရန် ကျွန်တော်ထံတွင် တစ်ခုခုလိုအပ်နေပါသေးသည်။ 


ဝေလင်း (ဧပြီ ဖူးလ်ဒေး- ၂၀၁၄)

Comments