“ငါ . . . သို့မဟုတ်. . .ငါတို့ရဲ့ ငါပေါင်းများစွာ”
ငါက ခေးအော့စ် တစ်စ
အရည်ကျို ပုံလောင်းမခံချင်တာလည်း ငါ့ဗီဇ
လွန်လေပြီး ရာစုနှစ် နှစ်ခုစာ ခရီးရှည်က သမဂ္ဂတွေ
ငါတို့ရွာ ဦးဖျားခြေရင်းတိုင်
ကွက်ကွက်ကွင်းကွင်း ပေါ်လာစေချင်မိတာလည်း ငါ့ဆန္ဒ . . .
မနေ့က မွဲပြာကျ ရှုပ်ထွေးမှုနဲ့
ဒီကနေ့ ရင်းရင်းနှီးနှီး လက်ဆွဲနှုတ်ဆက်လို့
မသိမှုအတွက် အလင်းချိုတစ်ခွက် ဖြစ်ချင်နေတုန်းပဲ ငါက . . .
ပတ္တရောင်လက်တိုင်း ပျက်ခဲ့တဲ့ ဘ၀တွေအတွက် သစ္စာ
သီးသန့်ထည်ဝါမှုတွေအတွက် အမုန်း
ငါ့ အာသဝေါကို ငါကိုယ်တိုင် ပြုံးပြုံးကြီး တစ်ကျိုက်ပြီး တစ်ကျိုက် မျှောချ
ငါက . . .
လေးလံမှုတွေ ပြောင်ပြောင်တင်းတင်းပဲ
ကိုယ်ပိုင်ပါဒတွေလည်း အပြိုင်အဆိုင်မဟုတ်
ရိုင်းရိုင်းပင်းပင်း ဝေငှဆဲ
ဒီဖြစ်တည်မှု ကိုယ်စီမှာ ငါတို့ဟာ
ကြိုး အခွေခွေကို ရုန်းဖြတ်
ပြုံးတတ်ခြင်း နှုတ်ခမ်းပါးအစား
နှလုံးသား ထူထူတစ်တစ်ပေါ် အပြန်အလှန်လုံးထွေးရစ်ပတ်
သွေးစက်လက်ခဲပျစ်အောင်
ကျောက်ကျောလို
ဖောက်ထုတ် လောင်းဖျောနေမိကြ ငါတို့က . . .
ပါဒတန်ဖိုးဆိုင်ရာ အနှိုင်းမဲ့မှုအပေါ် မွေ့ပျော်
စေ့ဆော် အားပေးခြင်းနဲ့ တယုတယ
ငါတို့ ကုသချင်တဲ့ မနက်ဖြန်များစွာဟာ လက်တစ်ကမ်းမှာ
စားပွဲထိုးလို့
အကြော်ရောင်းလို့
ပလပ်စတစ်ကောက်လို့ . . .
ငါတို့ ယက်လုပ် လက်ဆောင်ပေးမယ့် အတောင်ပံအစုံ
သန်းပေါင်းများစွာမှာ အဆိပ်အတောက်တွေမပါဖို့ . . . ငါတို့ဟာ
တစ်ယောက်ကို တစ်ယောက် သပိတ်မှောက်လိုမှောက်
လက်ခေါက်မှုတ်လိုမှုတ်
ဝေဖန်မှု အနုပညာမှာ ငါတို့ဟာ
ခေါက်ရိုးတွေ ဖြန့်ထုတ်ဆန့်တန်း
မီးပူခပ်ကြမ်းကြမ်း တိုက်လို့
ငါတို့မှာ ငါဟာ ပါလာလိုက် ပြုတ်ကျလိုက်နဲ့ . . . ။ ။
-ကျော်လင်းထွန်း-

Comments
Post a Comment