"ရန်ကုန် နံရိုးတစ်ချောင်း"

ရှိတ်စပီးယားခေတ်တုန်းက BRT စနစ်ဟာ မြို့ပြလမ်းမတွေထက် ပေါ်မလာသေးဘူး။ အဲဒီလိုပဲ . . . ကြွက်တွေ အရမ်းပေါတဲ့ ဂိုဒေါင်ကျဉ်းကျဉ်းမှောင်မှောင်လေးထဲက ချားလ်စ် ဒစ်ကင်းဆိုတဲ့ ကလေးငယ်တစ်ဦးဟာ ပိတ်လှောင်မွန်းကြပ်မှုတွေ၊ လရောင်မဲ့ညရဲ့ ရှိုက်သံတွေနဲ့ အလင်းစစ်သို့ ဦးတည်ရင်း ကလောင်သွေးခဲ့ရာ ဖြန့်ကြက်တွေးခေါ်နိုင်မှုမှာ Notepad, Tablet, Phablet တွေနဲ့ အရည်အသွေးမြင့် ပါရာစီတမော (၅၀၀) မီလီဂရမ် ပါဝင်တဲ့ ခေါင်းကိုက်ပျောက်ဆေးတွေရဲ့ အထောက်အပံ့လည်း မယူခဲ့ဘူး/မရှိခဲ့ဘူး။

တစ်ခါတစ်ရံကျတော့လည်း ဘ၀မှာ အရေးပါမှုတွေနဲ့ တွဲဆက်ထားတဲ့ အရေးမပါမှုတွေက ထထ အချဉ်ပေါက်လို့။ ညို့မှိုင်းပြီး အပြေးတက်လာတဲ့ တိမ်သားတွေ အကြောင်းရယ် ၊ ဝေးလံတဲ့ တစ်နယ်တစ်ကျေးဆီ ၀မ်းရေးအတွက် ငွေရှာသွားတဲ့ မိသားစုဝင်တစ်ယောက်(သို့မဟုတ် ) ချစ်သူတစ်ယောက် အကြောင်းရယ်။ မိန်းမသားတွေရဲ့ စိတ်ကျရောဂါအတွက် ကဖင်းဓါတ် (နေ့စဉ်) ၄၀၀ မီလီဂရမ်က အကာအကွယ် ဖြစ်စေနိုင်မယ်တဲ့ . . . ၊ စစ်တမ်းအရတော့ မိန်းမသားတွေက အမျိုးသားတွေထက် စိတ်ကျလွယ်သယောင်။ တွေ့ဖူးသမျှ မိန်းမသားတော်တော်များများဟာ တွေ့ဖူးသမျှ အမျိုးသားတွေထက်ပိုပြီး စိတ်ဓါတ်ခိုင်မာနေသလို ။

အဆီအငေါ်မတည့်မှုတွေကို ကြာကလပ် နဲ့ ဆွမ်းတော်တင်ရင် ပုလ္လင်ကိုယ်စီနဲ့ လော်လီပေါ့ (ရုပ်တည်ကြီး) လုပ်နေတဲ့ သူတွေက အရေးတယူ လာခိုးစားပါ့မလား။ ရိုးသားမှုကို ဘယ်လိုပြဒါးတိုင်နဲ့ တိုင်းကြပါ့မလဲ။ သာမိုမီတာဆိုတဲ့ စကေးကရော ယုံရလို့လား။ (ပြီးတော့) သူ့မှာ တေဇောဓါတ်ဆိုတာရော ရှိလို့လား။ ရိုးသားမှုအကြောင်းမပြောခင် ၊ သာမိုမီတာကိစ္စမစခင် ပုသိမ်ဟာလ၀ါ  စားရင်း မန္တလေးက ထိုးမုန့်တိုက် ပိုင်ရှင် မော်မော်စမ်းဆိုတာ ဆွေမျိုးမကင်းဘူး ဆိုတဲ့ အသိရယ် ၊ အမြောက်အမြား ကျန်ရှိနေသေးတဲ့ အဏုမာန ကြွားလုံးတွေရယ်၊ အိပ်ရာထကတည်းက ခါးချိုးဖို့တောင် စပြီး ပျင်းခဲ့တဲ့ လူသားတစ်ယောက်က လေးဖြူသီချင်းတစ်ပုဒ်လည်း ညည်းချင်ညည်းနေမိပြန်ကော . . . ဘ၀ရဲ့ အလင်းက ငါသိလိုက်တာ . . . ။

Time Management နဲ့ ပတ်သက်လာရင် ရွာကျောင်းကို ပြေးမြင်ရောင်မိတိုင်း မီးရှို့ချင်တဲ့ ပြက်လုံးကို ပြုံးစစတွေးမိသလား၊ မျက်မှောင်ကုတ် အံကြိတ်ရင်း တွေးမိသလား၊ ဘယ်သူမှလဲ လာမမေးလို့ မဖြေတော့တဲ့ နည်းတူ ဘယ်သူ့ကိုမှလည်း အရေးတယူမမေးချင်တော့ဘူး။

ချစ်သူ အနားမှာ ရှိရင် သိပ်ကောင်းမှာပဲ . . .

"လောကကြီးရဲ့ အကြောင်းကို . . . ဒီကမ္ဘာမြေရဲ့ အကြောင်းကို
ဒီအချိန် အကုန်လုံးမေ့ထားလို့ . . . "

ပိတ်စရာ တံခါးတစ်ချပ်တောင် မပိုင်ဆိုင်တဲ့ ဒီဘ၀ ဒီပြဇာတ်မှာ ဇနကလည်းကိုယ်ပဲ ၊ လှေထိုးသားလည်း ကိုယ်ပဲ။ ငါးမန်းလည်းကိုယ်ပဲ . . . ဘီလူးလဲကိုယ်ပဲ ၊ Cyclone အတု ဇာတ်စင်နောက်မှာထိုင်ရင်း တိုက်ခတ်ပေးနေတာလဲ ကိုယ်ပဲ. . .၊ ဆိုင်းတီးတော့လည်း ကိုယ်ပဲ ၊ နောက်ဆုံး . . . ပရိသတ်လည်း ကိုယ်ပဲ။
ပွဲပြီး မီးသေချိန် ၊ ပတ်စာ ခွာ ၊ ဖျာသိမ်းချိန် . . နေကြာစေ့နဲ့ ချိုချဉ်ခွံတွေ လှည်းကျဉ်းတော့လည်း သန့်ရှင်းရေးသမားက ကိုယ်ပဲ . . . ၊ ဒါပေမဲ့ (ခုထိ) ပြဇာတ်မဟုတ်သော ပြဇာတ်ဖြစ်မှာ စိုးကြောက်နေမိတုန်းရယ်။

ဂျက်ဆီကာ အယ်လ်ဘာလို ပေါင်တံရှည်ရှည်လေးနဲ့ နွေရာသီ အပန်းဖြေခရီးထွက်ရမယ်ဆို . . . ကောက်ရိုးပုံကြီးဟာ ကတ္တီပါဖုံး စီလီကွန် မွေ့ယာ ဖြစ်လာနိုင်သလို သစ်လုံးအိမ်လေးက Steel Structure နဲ့ ဆောက်ထားတဲ့ ကမ်းစပ်က သားသားနားနား ဟိုတယ်ခန်း တစ်ခန်းလဲ ဖြစ်နေနိုင်တာပဲ။

ဒါပေမဲ့ ချစ်သူနဲ့ဆိုရင် ကျပြန်တော့ တကယ် သွားချင်တာက အလောင်းတော်ကဿဖတို့၊ ရွှေစက်တော်တို့ ၊ ပုဂံတို့ ၊ ပုံတောင်ပုံညာတို့ . . . ၊ ကျိုက်ထီးရိုးတို့  ၊  ပိတ်ချင်းမြောင်တို့ . . . ဖြစ်နေတာ . . . သဘာဝရဲ့ မိခင်၊ မိခင်ရဲ့ သဘာဝမျိုးနဲ့ ချစ်သူ့ရင်ခွင်မှာ အပိုးကျိုးနေတဲ့ တယ်လီယာလေးလို . . . ဟော ဟိုမှာ ရန်ကုန်က သူ့ဟာသူရွေ့နေတာပဲလေ ၊ သူ့အရွေ့က နှေးပေမဲ့ . . . ကိုယ်ကဘယ်လောက်မြန်နေမြန်နေ အမြဲနောက်ကျန်နေမယ်ဆိုတာ သိထားလိုက်တော့ . . . ။

ခြေ(၇)လှမ်း အတူလှမ်းဖူးရင် မိတ်ဆွေ၊ (၁၂) ရက် အတူသွား ၊ အတူနေဖူးရင် သူငယ်ချင်း၊ ၁-လ ၊ ၁-လခွဲ အတူနေဖူးရင် ဆွေမျိုး ၊ . . . အဲ့ဒီတော့လေ အမျိုးတွေ စုနေတဲ့ မြေမှာ ၊ နိုင်ငံမှာ ၊ ကမ္ဘာမှာ စင်္ကြာဝဠာမှာ . . . ရန်ကုန်ဟာ မိသားစုတစ်ခု ဆိုပါစို့ရဲ့၊ တစ်ယောက်ယောက် ပျောက်သွားရင် လိုက်မရှာပါနဲ့ ။ မေမေနဲ့ စိတ်ကောက်လို့ ဘွားဘွားကုတင်ပေါ် တိတ်တိတ်လေး သွားအိပ်နေတဲ့ (၃)နှစ်သားလေးလို . . . လွှတ်ထားပေးလိုက်ပါ  . . . ။


-ကျော်လင်းထွန်း-

Comments