"ကုထုံးမဲ့နာရီများ"

လေးနာရီမှာရပ်နေတဲ့ နာရီကို 
ခပ်တည်တည်နဲ့ ပတ်ထားလိုက်တယ် 
ကမ္ဘာကြီးက ရှေ့သွားနေတယ် 
ငါတို့ကတော့ ရပ်တန့်ပိတ်မိနေဆဲ .... 

ဌာနချုပ်မှာရုပ်တည်နဲ့ 
ဒီညနေကို လိပ်သိမ်းဖို့ 
ဒီအခွံထည်ကြီးအတိုင်း အိပ်တန်းပြန် 
ခွေခေါက်သိမ်းဆည်းဖို့ 
လူနာသူငယ်ချင်းအတွက် ရင်လူးဆေး
ချောင်းဆိုးပျောက်ဆေး 
ဒီလိုနဲ့ ဝေး ဝေး သွားတဲ့ ရင်ဘတ်တွေ .... 

ပိတ်ထားတဲ့ ဆေးရုံတွေနဲ့ 
ဖွင့်ထားတဲ့ သုဿန်တွေကြား 
မီးခိုးမှိုင်းတွေ အဖျားမှာ 
သိဟောင်းကျွမ်းဟောင်းတွေရဲ့ နာမည်တွေ 
တငွေ့ငွေ့ပါသွားတယ်
မတရားမှုက တရားလွန်နေပြီ 
မနက်ဖြန်မှာ မလွန်ဆန်နိုင်တဲ့ တရားထဲ 
ဘယ်သူ့အမည်ပါသွားမလဲ တထိတ်ထိတ် .... 

ညီလေးရေ ... ရေနွေး 
ရေနွေးက အေးသွားတာလား 
ကိုယ်တွေက နွေးလာတာလား 
ဆေးတွေခေါင်းထဲက မထွက်ဘူး 
ကိုယ့်ဆေးစာကိုယ်ရေး 
ဘယ်ဆိုးလို့လဲ 
နောက်တစ်နေ့ မိုးလင်းတော့ 
ကိုယ် မသေသေးဘူး .... 

လေးနာရီမှာ ရပ်နေတဲ့ နာရီကိုပတ် 
ဖုန်းထဲက မက်ဆေ့တစ်စောင် ကောက်ဖတ်လိုက်တယ် 
ကိုယ့်ဘေးမှာတော့ 
ကြောင်တောင်တောင်ရပ်နေတဲ့ အနာဂတ်ဟာ 
ဖြေဆေးမရှိဘူး .... ။ 

#MoeHlaingNya 
#KLT

3/Aug/2021

    3D Art: Amanda Santini

Comments

Post a Comment