"မမဟိုက္ကု"
မြက်ခင်းစိမ်းလွင်ပြင်
တွန့်လိပ်တောင်တန်းနဲ့
မြူခိုးတန်းတိမ်တိုက်တွေကို
ချစ်ပါ
ကျနော့်ကို ပိုချစ်ပါ ...
အချို့သော
နာကျင်မှုများအတွက်
စကားလုံးမရှိခဲ့
မျက်ရည်များသာ အခိုးပြန် ...
ကျောက်မြောင်းရဲ့
အိပ်မောကျ ရာသီဥတုထဲ
မေ့လျော့ပစ်ဖို့ ငွေကြေးတွေ
အပြိုင်းအရိုင်း ညစ်ထုတ်
တက္ကစီဟာ ညကိုတားခဲ့တယ်
အမှိုက်ပုံနား ...
ဒီညလည်း
ခေါင်းအုံးထဲ
ကွက်ကျားမိုးတွေ
ရွာရအုံးမယ်
အခုလည်းကြည့်လေ
အဲကွန်းခန်းထဲ
၁၆ ဒီဂရီ စင်တီရိတ်မှာ
ချွေးပျံနေတယ် မရယ် ...
ရင်ခတ်ပန်းနှစ်ပွင့်
အထွတ်အထိပ်မှာ
မုန့်ကြိုးလိမ်
တိမ်တိုက်တွေကင်းတော့
အလင်းနှစ်
သန်းနှစ်ထောင်လောက် ပြေး
စတေးရှောင်နေမိတာမျိုး
ကိုယ့်နှလုံးသားလေးကိုယ်
တယုတယ
ပတ်စာခွာ ဖျာသိမ်း
အလွမ်းဟာ အပြာတရင့်ရင့်
ကိုက်ခဲလို့ ...
ခင်ဗျားတို့ကြည့်ရတာ
သံဝေဂတွေလည်း
ရတယ် သိလား ..
နောင်ဘဝ ကျနော့်အမေဗိုက်ထဲ
ဝင်စားပါစေ ဆုတောင်း
ခင်ဗျားတို့အတွက် ချယ်ရီတွေ
ပွင့်ကောင်းပါတယ် ...
စိတ်ကိုလျှောထွက်
မသွားအောင်
ကျားကန်ရတဲ့နေ့ရက်များ
တစ်ခါလွမ်းတိုင်း
တစ်ခါချမိတဲ့ သက်ပြင်းတွေ
ဗုဒ္ဓဘုံမှာ ကြပ်ခိုးစွဲနေ ...
ဂေါ်ဂင်နဲ့ မိန်းမကိစ္စ
အချေအတင်ဖြစ်ကြတော့
ဗင်းဆင့်က နားရွက်တစ်ဖက်
ဖြတ်ပြလိုက်တယ်
ကိုယ့်မှာ
ဖက်စရာခြေသလုံးတွေ
ကျန်သေးရင် ပြောပြပါ ...
စောက်သဲတွေလည်း
တစ်လကို ၃၆ ခါလောက်
ကွဲရပါကြောင်း .. နိုင်ငံတော်ဟာ
ဖဲဝိုင်းဆန်လာကြောင်း
ပလက်ဖောင်းတွေ
ဇာတ်သိမ်းမလှစွာ
၁၉ ရာစု မနက်ခင်းများ
ကျနော်တို့ ခေတ်တွေ မှားခဲ့ပြီးပြီ ...
ထီးမလုံ့တလုံ ညနေခင်းလို
ရင်ခွင်တစ်ခု ရွှဲစိုသွားတဲ့အိပ်မက်ထဲ
လိမ္မော်ခြင်းတွေ
ချောကလတ်တွေ မလိုချင်တော့ဘူး
ချဒူပါ ရေလှိုင်းတွေဆီသာ
ခေါ်သွားပေးလှည့်ပါ မရယ် ...
ဆန်တိုရီနီနဲ့
ဂရိဝိုင်ကို ချစ်ပါ
အိုရှိုးရဲ့
အနှောင်အဖွဲ့ထဲက
လွတ်လပ်မှုကို ချစ်ပါ
စက်တင်ဘာ
မိုးနှောင်းရာသီကို
ချစ်ပါ
ကျနော့်ကို ပိုချစ်ပါ .... ။
#KLT



Comments
Post a Comment