"ငတ်မွတ်ခြင်း (၃)"
တစ်ခါတစ်လေကျတော့လည်း ဘဝမှာ ငွေရေးကြေးရေး အကြပ်အတည်းတွေ မရှိဘဲ ပြေပြေလည်လည် ချောချော မွေ့မွေ့လေး ဖြတ်သန်းချင်မိတယ် .. ဒီလောက်ပါပဲ ..
မျက်မှောက်ခေတ် လူသားတစ်ယောက်ရဲ့ ဖြစ်တည်မှုမှာ အကြောက်တရားရယ် အားငယ်စိတ်တွေရယ် ယုံကြည်ချက်တွေ အနာဂတ်တွေ ယိုင်လဲမှုတွေရယ်က ငွေကြေးနဲ့ တိုက်ရိုက် အချိုးကျနေတတ်တာမျိုးပေါ့ ..
အဲဒီအခါ လူသားဟာ သူ့ရဲ့ပကတိ တန်ဖိုးတွေ ကျဆင်း လာတတ်တယ် .. သူ့ကိုသဘာဝတရားက ထည့်ပေးလိုက်တဲ့ ရဲရင့်မှု အရိုင်းစိတ်တွေက ညှိုးငယ် သိမ်ဖျင်းရင်း .. လူ့အန္ဓဆိုတဲ့ တလင်းဆန်တဲ့ အတွေးဥပစာဆီ ဆောင်ကြဉ်းသွားတတ် တာမျိုးပေါ့ ..
ဓမ္မဟာ အမှန်မုချ ဖြစ်တယ် .. အဘိဓမ္မာမြတ်တရားဟာ ကမ္ဘာပေါ်က ကျမ်းခံအားလုံးအနက်မှာ မဟာဂန္တဝင်လို့ ဆိုမည်ထိုက်တယ် .. ဒါပေမယ့် အမှန်တရားချည်းသက်သက်ဟာ လူသားရဲ့ အကြောက်တရားကို မြေမြှုပ် သင်္ဂြိုဟ်ဖို့ရာ မစွမ်းသာပေထဘူး ..
ဒါကြောင့် မဗဒါလည်း ရူးခဲ့ဖူးတယ်
လီယိုတောလ်စတွိုင်းလ်လည်း လယ်ကွင်းပြင် ဟိုမှာဘက်ဆီ ပြေးထွက်ရင်း အသေခံခဲ့ဖူးတယ်
ရှိတ်စပီးယားလည်း တောနယ်လေးမှာ မထင်မရှား နေရင်း သေဆုံးသွားခဲ့ဖူးတာပဲ ..
ကုန်ကုန်ပြောရရင် ပီမိုးနင်းအစ သော်တာဆွေ အလယ် မောင်ချောနွယ်အဆုံး .. အားလုံးဟာ သမ္မုတိအလွန် ပရမတ္ထနယ်ထဲ နှလုံးသားနဲ့ ဦးနှောက်ကို ရဲရဲကြီး ဖွင့်ဖောက် ပစ်ထည့်ရင်း .. (အမှန်တော့ မရဏမင်းဟာ ကိုအရိုး ဖော်ညွှန်းဖူးသလို လူသားရဲ့ ငယ်သူငယ်ချင်း .. သူဟာ လူသားကို အကောင်းဆုံး စောင့်ရှောက်သူပါတဲ့.. ) သေမင်းမတိုင်ခင်မှာ ရှင်မင်း အလီလီနဲ့ စစ်ခင်း သွားကြဖူးတယ် ..
တစ်ခါတစ်လေကျတော့လည်း ဘဝမှာ လူသားတွေကို စာဖတ်စေချင်မိတယ် .. ဒီလောက်ပါပဲ .. ။
ဘောက်စာ
၂:၂၂ နံနက်
၂၁၊ ၂၊ ၁၈
Pictures: credit to original uploaders

Comments
Post a Comment