အစိမ်းရောင် ကိုက်ခဲမှု


ရုပ်ကြွင်းလောင်စာတွေ သွေ့ခမ်း
ကမ္ဘာကြီးက ခပ်ကြမ်းကြမ်း ခုတ်မောင်းတယ်

လူ့အန္ဓတွေ လောင်းကြေးတင်လိုက်တော့
အစိမ်းရောင် ကိုက်ခဲမှုက တစ်ဆစ်ဆစ်
မပြေပြစ်ဘူး . . .

မလူးသေးတဲ့ မုတ်သုံလေကို
ကပ္ပလီတွေ တစ်လင့်လင့် မျှော်စောင့်
ကမ္ဘာကြီးကတော့ ဘော်ဒီခပ်တောင့်တောင့် ဣတ္ထိယလို
အပြိုရည်ပျက်မယ့် နေ့အတွက် ရင်တမမ
အရင်လို
အလျော်အစား ကြမ်းလို့မှ မရတော့ပေသကို . . .

မစိမ်းတော့တဲ့ ကမ္ဘာရေ
ခင်ဗျားအတွက် ရင်နာတယ်
မစိမ်းတော့တဲ့ ကမ္ဘာရေ
လင်မယားတွေ စကားစမြည်ပြောရင် ခင်ဗျားရဲ့ ကိုက်ခဲမှုတွေ မပါ
ဆင်းရဲသားတွေ စကားစမြည်ပြောရင် ခင်ဗျားရဲ့ ကိုက်ခဲမှုတွေ မပါ
အထက်တန်းစားတွေ စကားစမြည်ပြောရင် ခင်ဗျားရဲ့ ကိုက်ခဲမှုတွေ မပါ
စကားစမြည်တွေ ခင်ဗျားကိုယ်ထဲ စိမ့်ဝင်
အာဏာ . . အသပြာ . . . ဖိနှိပ်ရေး . . . . ဖိသိပ်ရေး . . . . .
ဟော ပြောရင်းဆိုရင်း
ကျုပ်ရဲ့ စာပုပေပြောင်တွေ ရေးဖို့
လျှပ်စစ်ကို မေးတို့ . . . မပျက်ပါနဲ့ ဦးဗျို့
ဒီလိုနဲ့ . . .
အစိမ်းရောက် ကိုက်ခဲမှုက တစ်ရစ်ရစ် ပျော်ကျသွားပြန်ရော . . .
ခင်ဗျားကိုယ်ထဲကိုပေါ့ ။ ။

-ကျော်လင်းထွန်း-

12:06 PM, 7/29/2014

Comments