ကန္တာရအိုအေစစ် (သို့မဟုတ်) မိခင်နိုင်ငံ စွန့်လာသူများအတွက် တံလျှပ်နိမိတ်ပုံ
အုန်းပင်များ၊
ဗီးဂတ်စ်ဟန်ရှိသော ကလပ်များ၊ အခွန်မဲ့လုပ်ခလစာများနှင့် လှပသေသပ်လွန်းသည် ပင်လယ်ကမ်းခြေစင်္ကြ
ံများ ထိုအနေရာတွင် ရှိ၏။ ဒူဘိုင်းအကြောင်းကို ပြောရမည်ဆိုပါမူ အထင်ကရ အရှိဆုံးအချင်းအရာမှာ
မင်းနေပြည်တော် ၇ ခု စုစည်းဖွဲ့တည်အပ်သည့် အာရပ်စော်ဘွားများပြည်ထောင်စု၏ အချက်အချာမြို့ဟူသော
ဝိသေသဂုဏ်ထူးဖြစ်ပြီး ကန္တာရအတွင်း ထူးခြားဆန်းပြား၊ အရောင်အသွေးစုံလှကာ ဇိမ်ခံစရာများဖြင့်
မှီတင်းရှင်သန်နိုင်ရန် တည်ဆောက်ထားသော မြို့ကြီးလည်း ဖြစ်သည်။
ကမ္ဘာပတ်၍
ကျွမ်းကျင်ပိုင်နိုင်သော ပညာရပ်များဖြင့် စီးပွားရှာသူ၊ မိခင်နိုင်ငံကို စွန့်ခွာလာသူ
ထောင်ပေါင်းများစွာတို့သည် ဒူဘိုင်းသို့ ရောက်လျှင် အသက်မွေးလုပ်ငန်းတစ်ခုဖြင့် စတည်းချတော့၏။
ကမ္ဘာ့ဆွဲဆောင်မှုအရှိဆုံးမြို့ကြီးများထဲမှ တစ်ခုဖြစ်သော ဤမြို့တော်ကြီးတွင် အလုပ်အကိုင်ရရှိရေး၊
နေရာထိုင်ခင်းအတည်တကျဖြစ်ရေးနှင့် အချို့သော အခက်အခဲများအတွက် ကြိုတင်ပြင်ဆင်နိုင်ရန်
လမ်းညွှန်မှုပေးလိုသည်။
အလုပ်အကိုင်
ကမ္ဘာ့စီးပွားရေးအကျပ်အတည်း
(၂၀၀၈) မတိုင်ခင်က ကုမ္ပဏီများသည် အလုပ်အကိုင်အခွင့်အလမ်း အသစ်များအတွက် အပိုဆုကြေးငွေ
အမေရိကန်ဒေါ်လာ တစ်သောင်းခန့်ဖြင့်ကြေငြာခဲ့ကြပြီး မကြာမတင်ပင် ငွေကြေးလုပ်ငန်း၊ လေကြောင်းနှင့်
အင်ဂျင်နီယာ လုပ်ငန်းကြီးများကို တည်ထောင်ခဲ့ကြကြောင်း
ဒူဘိုင်းအခြေစိုက် အလုပ်အကိုင်ရှာဖွေရေး ကုမ္ပဏီ တစ်ခုဖြစ်သည့် KWR ၏ မန်နေးဂျင်းဒါရိုက်တာ
အိုင်းရစ်လူမျိုး ရှောင်ရုတာက ဆိုသည်။
အလုပ်ရှာသူများသည်
ဒေသခံလူရှာသူများ၏ အကူအညီဖြင့် အလုပ်အကိုင်အခွင့်အရေးများ ရရှိနိုင်သည်။ ကုမ္ပဏီကြီးများသည်
မိမိတို့ ဌာနနှင့် နီးနီးတွင် နေထိုင်သည့် လျှောက်ထားသူများကို ပိုမိုကြိုက်နှစ်သက်တတ်သည့်
အားလျော်စွာ အလုပ်လျှောက်လွှာတွင် လိပ်စာသည် ဒေသတွင်း၌ ဖြစ်ကြောင်း ဖော်ပြနိုင်ရန် အရေးကြီးသည်။
ဒူဘိုင်းရှိရုံးများသည်
အာဖရိကဒေသများသို့လည်း ဆက်သွယ်လုပ်ကိုင်လျက်ရှိရာ တိုတောင်းသည့် လေကြောင်းခရီးစဉ်များစွာကို
ပြေးဆွဲပေးခြင်းမှာ အဓိကလုပ်ငန်းတစ်ခု ဖြစ်သည်ဟု ရုတာက ရှင်းပြသည်။
စီးပွားရေးပျက်ကပ်
ဒဏ်ကို ခံခဲ့ရသည့် ဥရောပမှ လုပ်ငန်းရှင်များသည် ဤဒေသသို့ စုဝေးရောက်ရှိလာပြီး ပိုမိုများပြားသည့် စီးပွားရေးအဆောက်အဦးများတည်ဆောင်နိုင်ရန်
အလုပ်အကိုင်မျက်နှာစာသစ်ကို အောင်မြင်စွာဖွင့်လှစ်နိုင်ခဲ့ကြသည်ဟု ယမန်နှစ် ဧပြီလက
စပိန်မှ ရွှေ့ပြောင်းလာသည့် ဒီဂျစ်တယ်ဈေးကွက်အေဂျင်စီတစ်ခု လုပ်ကိုင်နေသူ စပိန်နိုင်ငံသား
ဗစ်တာမတ်ဒျူရန်နိုက ပြောကြားသည်။
လုပ်ငန်းသစ်ကို
စတင်တည်ထောင်ခြင်းဖြစ်သော်ငြားလည်း ဒူဘိုင်းသည် မျှတလွယ်ကူချောမွေ့မှုကို ပေးထားသည်။
မြို့၏ ကျစ်လျစ်သပ်ရပ်သောအရွယ်အစားနှင့် နိုင်ငံသားများရော၊ နိုင်ငံသားမဟုတ်သူများ၏
အသေးစားစီးပွားရေးလုပ်ငန်းများအတွက်ပါ စတင်အခြေတည်နိုင်ရန် ပေးအပ်သည့် အစိုးရရန်ပုံငွေများကလည်း
အကူအညီ အထောက်အပံ့ကောင်း ဖြစ်စေသည်။ ဤသို့ဖြင့် ဓားမဦးချ စတင် ဆောင်ရွက်သည့် စွန့်ဦးစီးပွားရေးသမားများအကြားတွင်
ကွန်ရက်တစ်ခုကို ဖန်တီးပေးကာ အလုပ်အကိုင်အခွင့်အလမ်းများ ပေါ်ပေါက်လာစေသည်ဟု မတ်ဒျူရန်နိုက
ဆိုသည်။
"ဒီလိုကွန်ရက်တစ်ခု
ဖန်တီးပေးချင်းအားဖြင့် တစ်ဦးနဲ့တစ်ဦး တွေ့ဆုံဖို့ ပိုမိုလွယ်ကူလာစေတယ်၊ စီးပွားရေးလုပ်ငန်းတွေကြားမှာလည်း
ကြီးမားတဲ့ အပြန်အလှန်တုံ့ပြန်မှုမျိုးတွေ ရှိလာစေတယ်" ဟု ၎င်းက ပြောသည်။
အိပ်မက်ထဲက အလုပ်ကို ဖမ်းဆုပ်မိခြင်း
ဒူဘိုင်းမြို့တွင်
နေထိုင်သူ ၈၀ ရာခိုင်နှုန်း (၂ သန်း) ခန့်မှာ နိုင်ငံခြားသားများ ဖြစ်ကြပြီး ကုမ္ပဏီအများအပြားတွင်
ဝင်ရောက်လုပ်ကိုင်လျက်ရှိသည့် လူနည်းစုမှာ ဒေသခံများ ဖြစ်ကြသည်။
သို့ဖြစ်ရာ ကုမ္ပဏီအများစုမှ
ဤနိုင်ငံ၏ ယဉ်ကျေးမှုနှင့်လည်း အကျွမ်းတ၀င်ရှိပြီဖြစ်သော ပြည်ပမှ ပြောင်းရွှေ့ဝင်ရောက်လာသူတို့ကိုသာ
အလုပ်ရာထူးများအတွက် ပိုမိုရွေးချယ်ခန့်အပ်လေ့ရှိသည်ကို ဖော်ပြနေသည်။ မကြာသေးမီနှစ်များအတွင်းက
ဒူဘိုင်းတွင် အလုပ်ရှာမည်ဆိုက ရက်သတ္တပတ်အနည်းငယ်အတွင်း ရနိုင်သော်လည်း ယခုအခါတွင်မူ
၆ လခန့်အထိ စောင့်ရသည့် အခြေကို ရောက်လာသည်။ အထူးသဖြင့် ရာထူးမြင့်ပြီး လစာကောင်းသော
အလုပ်များတွင်ဖြစ်သည်ဟု ၂၀၀၅ ခုနှစ်ကတည်းက ရောက်ရှိလာသည့် အကြီးတန်းအမှုဆောင်များနှင့်
တွဲဖက်လုပ်ကိုင်လာသူ ရုတာက ဆိုသည်။
"အဖွဲ့အစည်းတွေက
ပိုပြီး ဂရုတစိုက် စိစစ်မှုတွေ ရှိလာတယ်" ဟု ၎င်းက ပြောသည်။
အလုပ်အကိုင်အတွက်
လူတွေ့ခေါ်ယူ မေးမြန်းမှုများတွင် မပြောအပ်သော အချက် အနည်းငယ်ရှိကြောင်းကို သိထားရမည်။
မိသားစုဘ၀၊ ၀င်ငွေများ၊ နိုင်ငံသား စသည်တို့နှင့် စပ်လျဉ်းသည့် အကြောင်းအရာတို့ကို
မေးမြန်းလေ့ရှိကြရာ အချို့သော ကုမ္ပဏီများကမူ ကနဦးကတည်းက လုပ်သားရှာဖွေစုဆောင်းပေးသူများကို
ကမ္ဘာ့အချက်အချာဒေသများ၊ စိတ်ကြိုက်နိုင်ငံများမှ အစီအစဉ်တကျ ရှာဖွေပေးရန် တောင်းဆိုထားလေ့ရှိသည်။
နိုင်ငံခြားသားများအနေဖြင့်
နိုင်ငံခြားသားတစ်ဦးတည်းသာ ပိုင်ဆိုင်သည့်
ကုမ္ပဏီများရှိပြီး ဒေသခံလက်ဖော်ကိုင်ဖက်မျိုးမလိုအပ်သည့် အကန့်အသတ်နည်းပြီး လွတ်လပ်သော
ကုန်သွယ်ရေးဇုန်များတွင် လုပ်ကိုင်နိုင်သည်။ လွတ်လပ်သောကုန်သွယ်ရေးဇုန်များသည် မြို့ပြင်၌
တည်ရှိပြီး အထူးစက်မှုလုပ်ငန်းများကို အနောက်တိုင်း စတိုင်ဖြင့်သာ လည်ပတ်စေသည်။ ဒေသတွင်းကုမ္ပဏီများကမူ
အချက်အချာကျသော နေရာများတွင် တည်ထောင်ထားကာ အစ္စလာမ်ဥပဒေသနှင့် ဓလေ့ရိုးရာများအတိုင်း
လိုက်နာနိုင်သည့် ဒေသခံများကိုသာ အလုပ်ပေးလေ့ရှိသည်။
အလုပ်ရှာဖွေသူတစ်ဦး သတိပြုရမည်များ
အလုပ်ခေါ်စာများသည်
အမှန်တာဝန်ယူလုပ်ကိုင်ရသော အလုပ်များနှင့် ကြီးစွာသော ကွဲပြားနိုင်မှု ရှိသည်ကို မှတ်သားပါ။
"အလွန်လည်း
ထိသွားတာမျိုး ဖြစ်နိုင်သလို အကြီးကြီးလည်း လွဲနိုင်တယ်" ဟု ၁၉၈၉ ခုနှစ်ကတည်းက
UAE သို့ ရောက်ရှိခဲ့ပြီး ပြည်သူ့ဆက်ဆံရေး ၀န်ဆောင်မှု လုပ်ငန်းတစ်ခု ဆောင်ရွက်နေသူ
မီတာ စရီနီဗာဆန်က ဆိုသည်။ အလုပ်ခေါ်စာများ၌ ဖော်ပြထားသည်တို့က ကုမ္ပဏီတစ်ခုဖြင့် ချိတ်ဆက်ပြီးသွားသည်နှင့်
မမျှော်လင့်ဘဲ အပြောင်းအလဲများ ရှိသါားတတ်သည်။
စီးပွားရေးအတက်အကျနှင့် လုပ်ထုံးလုပ်နည်းများကြောင့်
ယင်းသို့ မကြာခဏ ပြောင်းလဲရခြင်းဖြစ်သည်။ အလုပ်ဗီဇာအဆင့်အတန်းသည် အထူးရွေးချယ်ထားသည်
အလုပ်နှင့် ချည်နှောင်ထားရာ အဆိုပါအပြောင်းအလဲများကို တွန်းလှန်နိုင်ရန် နည်းလမ်းနည်းပါးလှပြီး
အချို့သော အစာပြ၍ ထောင်ဖမ်းတတ်သည့် ကုမ္ပဏီများတွင် ယင်းဖော်ပြချက်များ လွဲမှားကာ အဆီအငေါ်
မတည့်သည်ကို တွေ့မြင်ရသည်။
အလုပ်ခေါ်စာအတိုင်း
မကိုင်ညီသော အလုပ်တစ်ခုဟု သိရချိန်တွင် တခြားကုမ္ပဏီတစ်ခုကို ပြောင်းရန်မှာ ခက်ခဲသည်။
ဗီဇာ၏ စည်းမျဉ်းသဘောများအရ အခြားပြိုင်ဘက်ကုမ္ပဏီတစ်ခုသို့ ပြောင်းရွှေ့လုပ်ကိုင်ခွင့်မရှိဟု
မက်ကာသီက ဆိုသည်။ နောက်အလုပ်တစ်ခုမစခင် အလုပ်ထွက်ရန် နည်းလမ်းများနှင့် ပြိုင်ဘက်ကုမ္ပဏီတစ်ခု
မဟုတ်ကြောင်း သဘောတူညီချက်ကို ရှာဖွေထားရမည်။
နိုင်ငံပေါင်းစုံမှ
အရှေ့အလယ်ပိုင်း အချက်အချာ ဌာနများ လာရောက်ဖွင့်လှစ်ကြသလို အချို့ကမူ ၎င်းတို့၏ အကောင်းဆုံးသော
လူသားအရင်းအမြစ်ဆိုင်ရာ ဖွံ့ဖြိုးရေး လက်တွေ့မူဝါဒများကို ထားရှိခဲ့ကြသည်။ ၀န်ထမ်းများအပေါ်
လှည့်ဖျားသည့် ကုမ္ပဏီအချို့သည် ဒေသခံနိုင်ငံသားများဖြင့် အခြေတည် ဖွဲ့စည်းထားပြီး လစာအဖိုးအခအနည်းငယ်မျှကိုပင်
ပေးချေရန် ငြင်းဆန်တတ်ကြသည်ဟု လွန့်ခဲ့သည့် ၆ နှစ်ခန့်က ဗြိတိန်မှ ပြောင်းရွှေ့လာပြီး လူမှုဆက်ဆံရေးလုပ်ငန်း
တည်ထောင်ထားသူ ဇိုးကော်ပါးက ဆိုသည်။
"ဒီမှာရှိတဲ့
တချို့အပြည်ပြည်ဆိုင်ရာကုမ္ပဏီဆိုတာတွေက နာမည်ခံပဲ၊ ၀န်ထမ်းစံနှုန်းတွေနဲ့ ၀န်ဆောင်မှုတွေက
တယ်အသက်မ၀င်ဘူး" ဟု ၎င်းက သတိပေးပြောကြားသည်။
ရရှိနိုင်မည့် ၀င်ငွေ
လုပ်ခလစာများသည်
ဥရောပ၊ အမေရိကတို့နှင့် တန်းတူဖြစ်သော်လည်း ၀င်ငွေခွန် ပေးချေရန်မလိုသောကြောင့် ယင်းနိုင်ငံတို့ထက်
၄၀ ရာခိုင်နှုန်းခန် ပိုမိုတွက်ချေကိုက်သည်။
အမှုဆောင်အဆင့်
အလုပ်အကိုင်များ နိုင်ငံခြားသားများအတွက် အသင့်စောင့်ကြိုလျက်ရှိပြီး နေထိုင်ရန်အိမ်ရာမှအစ
ကလေးကျောင်းကိစ္စအထိ အဆင်ပြေနိုင်ရန် စီစဉ်ပေးကြကြောင်း ဒူဘိုင်းအခြေစိုက် အီလက်ရောနစ်နှင့်
အပိုပစ္စည်းများ လက်ကားဖြန့်ချိရောင်းချပေးသည့် Elkta Gulf ကုမ္ပဏီ၏ အသက် ၅၈ နှစ်ရှိပြီဖြစ်သော
အလုပ်အမှုဆောင်အရာရှိချုပ် မက်ကာသီးက ဆိုသည်။ ၎င်းသည် အမေရိကန်အခြေစိုက် Arizona ကုမ္ပဏီမှ
နည်းပညာအကြံပေးအရာရှိ အဖြစ် ၄ နှစ်ကြာလုပ်ကိုင်ခဲ့ဖူးသူ တစ်ဦးလည်းဖြစ်သည်။
အတည်တကျ ဖြစ်ပါစေ
အလုပ်ရပြီဆိုက
အစပိုင်းတွင် ယဉ်ကျေးမှုကွာဟချက်၊ လူသစ်များဖြင့် ပေါင်းဖက်လုပ်ကိုင်ရမှုတို့ကြောင့်
စိတ်သွားတိုင်းကိုယ်မပါသော အဖြစ်မျိုးရှိတတ်သည်ဟု မက်ကာသီက ဆိုသည်။
"ဒေသခံတွေနဲ့အလုပ်လုပ်ရတဲ့အခါ
အတော်အချိန်ယူရတယ်၊ လှုမှုရေးသဘောအရ တုံ့ပြန်မှုတွေက အလုပ်မဖြစ်ခင် ပေါ်ပေါက်လာတတ်တယ်"
ဟု ၎င်းက ပြောသည်။
အနောက်တိုင်းသားများသည်
မြို့၏ အလန်းဆုံး ကမ်းခြေများအနီးမှ အပန်းဖြေဇိမ်ခံနိုင်သည့် Jumeirah ကဲ့သို့သော နေရာများတွင်
နေထိုင်လေ့ရှိကြပြီး ပြောင်းလဲမှုများ တဖြည်းဖြည်း ရှိလာသော်လည်း နေရာဒေသအများအပြားကို
နိုင်ငံသားအလိုက် ခွဲခြားထားဆဲဖြစ်သည်ဟု ဆရီနီဗာဆန်က ဆိုသည်။
ဒူဘိုင်း၏
နှစ်သက်ဖွယ်ရာ ဒေသများတွင် အခန်းငှားရမ်းမှုစရိတ်သည် အခြားမြို့ကြီးများနှင့် တူညီသည်။
အိပ်ခန်းနှစ်ခုပါဝင်သော တိုက်ခန်းတစ်ခန်းကို တစ်လလျှင် ၁၁၀၀၀ ဒါဟမ် ($၃၀၀၀) ပေးရသည်ဟု
ဒေသခံအဆင့်ရှိ အိမ်ခြံမြေအကျိုးဆောင် ၀က်ဘ်ဆိုက် တစ်ခုဖြစ်သော dubizzle.com တွင် ဖော်ပြထားသည်။
ပိုမိုအဆင်ပြေနိုင်မည့် တိုက်ခန်းများလည်း ဒူဘိုင်းချောင်းအနီးရှိ Bur Dubai နှင့်
Deira တို့တွင် တွေ့ရှိနိုင်ပြီး လခ ၃၅၀၀ ဒါဟမ် ($ ၁၀၀၀) အောက်ဖြင့် ငှားရမ်းနိုင်သည်။
အိမ်ခန်းများ ငှားရမ်းသည် ကုမ္ပဏီများနှင့် အနည်းဆုံး ၆ လ စာချုပ်ချုပ်ဆိုရပြီး နိုင်ငံခြားသားဝန်ထမ်းများအတွက်
ဘဏ်ချေးငွေဖြင့်လည်း ငှားရမ်းနိုင်ရန် ၀န်ဆောင်မှုပေးထားသည်ဟု ၎င်းက ပြောသည်။
အလယ်တန်းတွင်
ပညာသင်ကြားနေသော ကလေးများ ကောင်းမွန်သော ပညာသင်ကြားခွင့်ရရှိရန်အတွက်မှာမူ အထက်တန်း
ပုဂ္ဂလိကကျောင်းများနှင့် ကျူရှင်စရိတ်တို့သည် တစ်နှစ်တာအတွက် အမေရိကန်ဒေါ်လာ ၅ သောင်းမှ
၂ သိန်းခန့်အထိ ကုန်ကျ၍ အခက်အခဲရှိလှသည်။
"မိဘတွေက
သူတို့ရဲ့ ကလေးတွေကို ဥရောပမှာ ကျောင်းထားကြတယ်၊ ဒါမှမဟုတ်လည်း အထက်တန်းကျောင်း တက်ရတော့မယ့်
အရွယ်ရောက်လာပြီဆို တစ်မိသားစုလုံး ပြည်တော်ပြန်ကြတာမျိုးလည်း ရှိတယ်" ဟု ၉ နှစ်အရွယ်
အမွှာကလေးငယ် နှစ်ယောက်ရှိသူ ကော်ပါးက ဆိုသည်။
နေချင်သည်ဆိုက
အများဆုံးဖြစ်သော ၃ နှစ် ဗီဇာကို အခက်အခဲမရှိ သက်တမ်းတိုးနိုင်သော်လည်း အစိုးရ၀န်ထမ်းများနှင့်
အင်တာဗျူးဖြေဆိုရာတွင် အချိန်အခါအရ ငြင်းဆိုခန့်ရသည့် အခြေအနေမျိုးလည်း ရှိတတ်ကြောင်း
ဆရီနီဗာဆန်က ပြောသည်။
"ပြစ်မှုကင်းစင်တဲ့
မှတ်တမ်းလည်း ရှိပြီး စော်ဘွားနိုင်ငံသားတစ်ဦးလည်း ခင်ဗျားလုပ်တဲ့အလုပ်ကို လုပ်လို့ရတဲ့အကြောင်း
မပြောပြရင် အိုကေပဲ၊ ခင်ဗျား သက်တမ်းတိုးဖို့ အဆင်ပြေတယ်" ဟု အိန္ဒိယနိုင်ငံသားဖြစ်သည့်
၎င်းက အကြံပြုသည်။
အခက်အခဲမရှိ
ပြည်ပမှ လာရောက်၍
ပရိယေသန ၀မ်းစာရှာသူများသည် ရံခါတွင် ကြီးကျယ်ခမ်းနား၍ ကုန်ကျစရိတ်လည်း မြင့်မားသော
ဒူဘိုင်း၏ ရှေ့မှောက်တွင် မျက်ကလူးဆန်ပျာ ဖြစ်ကြရသည်။ ယင်းမှာ အလုပ်သစ်တစ်ခု မရခင်အချိန်အထိသာ
ဖြစ်ပြီး ယင်းအလုပ်သစ်ရရှိရန်မှာလည်း ကြော်ငြာများ၊ အေးဂျင့်များ နောက်မှ လိုက်၍ ဆောင်ရွက်ရုံသာဖြစ်ပြီး
နေရာထိုင်ခင်း ငှားရမ်းမှုများအထိ စီစဉ်ပေးကြသည်။ အစိုးရနှင့် ပတ်သက်မှုရှိသော ကုမ္ပဏီများတွင်
ပို၍ပင် လျင်မြန်စွာ စီမံပေးတတ်ကြသည်။
ဒူဘိုင်းတွင်
ရာစုနှစ်အလီလီ နေထိုင်လုပ်ကိုင်ခဲ့ပြီးသော်လည်း အခြေချနေထိုင်ရန် မမျှော်လင့်ပါနှင့်
ဟု နှစ်ပေါင်းအတန်ကြာ လုပ်ကိုင်နေထိုင်ခဲ့ပြီးနောက် အငြိမ်းစားယူသည့် အရွယ်တွင် နီပေါသို့
ပြောင်းရွှေ့နေထိုင် အခြေချရန် ရွေးချယ်ခဲ့သည့် ဆရီနီဗာဆန်က ဆိုသည်။
"တခြားနိုင်ငံတွေနဲ့
မတူတဲ့ အချက်က ဒီမှာ နိုင်ငံသား ခံယူဖို့ မဖြစ်နိုင်တာပဲ၊ ယဉ်ကျေးမှုပေါင်းစုံ ရှိတဲ့
လုပ်ငန်းစုတွေနဲ့ တွဲပြီးအလုပ်လုပ်နိုင်တယ်၊ ကြော့မော့သားနားတဲ့ ဘ၀အရည်အသွေးနဲ့ အခက်အခဲမရှိဘဲ
မျက်မှောက်ကာလအထိကို အကျိုးရှိရှိ လုပ်ကိုင်နိုင်တုန်းပဲ" ဟု သူမက ထပ်လောင်းပြောဆိုသည်။
" အခွင့်အလမ်းတွေကို
နှစ်သက်မိပါတယ်၊ ကျွန်မမှာ ဘ၀အတွက် တွန်းအားပေးနိုင်ပြီး ကြီးထွားနေဆဲ ဖြစ်တဲ့ မိတ်ဆွေအသိုက်အ၀န်းတစ်ခုကိုလည်း
ရရှိပိုင်ဆိုင်ထားပြီး ဖြစ်ပါတယ်" ဟု ဆရီနီဗာဆန်က ဖွင့်ဟပြောကြားခဲ့သည်။
ကျော်လင်းထွန်း
REF; CNN
news



Comments
Post a Comment