မိသားစုတစ်နိုင်တစ်ပိုင် စိုက်ပျိုးမွေးမြူရေးနှစ်၏ စိန်ခေါ်သံများ
ငတ်မွတ်ခေါင်းပါးမှု
တိုက်ဖျက်ရေးနှင့် သဘာဝအရင်းအမြစ်များ ထိန်းသိမ်းရေး အတွက် စွမ်းရည်ရှိပြီး ပမာဏကြီးမားသည့်
မိသားစုတောင်သူများကို အလေးထားဂရုပြုသော အနေအားဖြင့် ၂၀၁၄ ခုနှစ်ကို ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့ကြီးက
နိုင်ငံတကာ မိသားစုတစ်နိုင်တစ်ပိုင် စိုက်ပျိုးမွေးမြူရေးနှစ်အဖြစ် သတ်မှတ်ခဲ့သည်။
ကမ္ဘာတစ်ဝန်းမှ
ဖွံ့ဖြိုးပြီးနိုင်ငံများနှင့် ဖွံ့ဖြိုးဆဲ နိုင်ငံများတွင်ပါ မိသားစုတစ်နိုင်တစ်ပိုင်
စိုက်ပျိုးမွေးမြူရေးလုပ်ငန်း စုစုပေါင်း သန်း ၅၀၀ ကျော်ရှိသည်။
မိသားစုတစ်နိုင်တစ်ပိုင်
စိုက်ပျိုးမွေးမြူရေး ဟူသည်မှာ အဆိုပါ လုပ်ငန်းတွင် ပါဝင်သည့် လုပ်သားများနှင့် စီမံခန့်ခွဲသူများ
အားလုံးသည် အိမ်ထောင်စုတစ်ခု၏ မိသားစုဝင်များပင် ဖြစ်ကြကာ ၎င်းတို့သည် လူသား သန်းထောင်ပေါင်းများစွာအတွက်
စားနပ်ရိက္ခာတို့ကို ထုတ်လုပ်ပေးလျက်ရှိသည်။ ဖွံ့ဖြိုးဆဲနိုင်ငံများ၌ စိုက်ပျိုးမွေးမြူရေးကဏ္ဍတစ်ရပ်လုံး၏
၈၀ ရာခိုင်နှုန်းနှင့် အထက်သည် မိသားစုတစ်နိုင်တစ်ပိုင် စိုက်ပျိုးမွေးမြူရေး လုပ်ငန်းများ
ဖြစ်သည်။
ယမန်နှစ်
နှစ်ကုန်ပိုင်းက အမေရိကန်ပြည်ထောင်စု နယူးယောက်မြို့တွင် ပြုလုပ်ခဲ့သည့် နိုင်ငံတကာ
မိသားစုတစ်နိုင်တစ်ပိုင် စိုက်ပျိုးမွေးမြူရေးနှစ် သတ်မှတ်ရေး အခမ်းအနားသို့ ကုလသမဂ္ဂတာဝန်ရှိသူများ၊
သံအမတ်များ၊ အစိုးရ၀န်ကြီးများနှင့် အရပ်ဘက်လူမှုအဖွဲ့အစည်းများ၏ ခေါင်းဆောင်များ တက်ရောက်ခဲ့ကြသည်။
ကမ္ဘာ့ စားနပ်ရိက္ခာနှင့်
စိုက်ပျိုးရေးအဖွဲ့ (FAO) ၏ ညွှန်ကြားရေးမှူးချုပ် ဂျို့စ်ဂရာဇီယံနို ဒါ ဆေးလ်ဗား က
မိသားစုတောင်သူများ၏ ကြီးမားသည့် ကုန်ထုတ်စွမ်းရည်ကို ယခုလို ဖွင့်ဟ ချီးကျူးခဲ့သည်။
"ဒီနှစ်ကို
သတ်မှတ်ပြီး အထိမ်းအမှတ်ပြုလုပ်လိုက်တာက မျက်မှောက်ခေတ် ကမ္ဘာမှာ ရင်ဆိုင်နေရတဲ့ စားနပ်ရိက္ခာဆိုင်ရာ
အခက်အခဲတွေကို လျင်မြန်စွာ အဆင်ပြေလာစေရေး ဦးဆောင်မှုပေးနေတဲ့ မိသားစုတောင်သူတွေကို
အသိအမှတ်ပြုလိုက်တာပဲ ဖြစ်ပါတယ်။ သူတို့ဟာ စားနပ်ရိက္ခာဖူလှုံရေးနဲ့ သဘာပတ်ဝန်းကျင်ထိန်းသိမ်းရေးတို့ကို
ဆောင်ရွက်ပေးပြီး ကုလသမဂ္ဂရဲ့ ထောင်စုနှစ် ရည်မှန်းချက်များ၊ ၂၀၁၅ အလွန် ဖွံ့ဖြိုးရေး
အစီအစဉ် နဲ့ ငတ်မွတ်ခေါင်းပါးမှု လုံးဝပပျောက်ရေး ပန်းတိုင်များဆီ ရှေးရှုလျက် တိုးတက်လာစေပါတယ်။"
ဟု ဂရာဇီယံနို ဒါ ဆေးလ်ဗားက ပြောကြားခဲ့သည်။
နိုင်ငံတကာ
စိုက်ပျိုးရေးဖွံ့ဖြိုးမှု ရံပုံငွေအဖွဲ့နှင့် ကမ္ဘာစားနပ်ရိက္ခာအစီအစဉ်တို့ကို ဦးဆောင်လျက်ရှိသည့်
ကမ္ဘာ့စားနပ်ရိက္ခာနှင့် စိုက်ပျိုးရေးအဖွဲ့ (FAO) အား ကိုယ်စားပြုလျက် "စဉ်ဆက်မပြတ်စားနပ်ရိက္ခာထုတ်လုပ်ရေး
ကြိုးပမ်းမှုမှာ မိသားစုတောင်သူတွေထက် ပန်းတိုင်နဲ့ နီးကပ်လာသူမတွေ့ရသေးဘူး။ မိသားစုတောင်သူတွေဟာ
အများအဖြင့် အထူးသီးသန့် စိုက်ပျိုးမှုမရှိဘဲ အထွေထွေစိုက်ပျိုးမှုလုပ်ငန်းအနေနဲ့ သွားတယ်။
ဒါက ဇီဝမျိုးစုံမျိုးကွဲများထိန်းသိမ်းရေးနဲ့ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ စဉ်ဆက်မပြတ် အဓွန့်ရှည်တည်တံ့နိုင်ရေးအတွက်
အဓိကလုံခြုံမှုကို ဖြစ်ပေါ်စေပါတယ်" ဟု ၎င်းက ဖြည့်စွက်ပြောဆိုသည်။
၂၀၁၃ ခုနှစ်အား ပြန်လည်သုံးသပ်ချက်
အာဖရိက၊ အာရှ၊
လက်တင်အမေရိကနှင့် အရှေ့အလယ်ပိုင်းဒေသများရှိ ကျေးလက်နေလူထု၏ ၇၀ ရာခိုင်နှုန်းကျော်သည်
ယမန်နှစ်က စားနပ်ရိက္ခာ စိတ်ချလုံခြုံမှု ကင်းမဲ့ခြင်းနှင့် ရင်ဆိုင်ခဲ့ရသည်။ အဆိုပါ
ကမ္ဘာတစ်ဝန်းရှိ ကျေးလက်နေလူထုများအတွင်း မိသားစုတောင်သူများ၊ အထူးသဖြင့် အသေးစား စိုက်ပျိုးမွေးမြူရေး
လုပ်ကိုင်သူများ ကိုယ်တိုင်ပင် စားနပ်ရိက္ခာ စိတ်ချလုံခြုံမှု ကင်းမဲ့ခြင်း နှင့် ရင်ဆိုင်ခဲ့ရကာ
အဓိက ပြဿနာမှာ သဘာဝအရင်းအမြစ်များ ထုတ်ယူသုံးစွဲရေး၊ မူဝါဒနှင့် နည်းပညာ စသည်တို့တွင်
အားနည်းခြင်းကြောင့် ဖြစ်သည်ဟု ကမ္ဘာ့စားနပ်ရိက္ခာနှင့် စိုက်ပျိုးရေးအဖွဲ့ကြီးက ထုတ်ပြန်သည်။
သက်သေသာဓက
အမျိုးမျိုးအရ ဆင်းရဲသော မိသားစုတောင်သူများအနေဖြင့် သင့်တင့်လျောက်ပတ်သည့် မူဝါဒရှိသော
ပတ်ဝန်းကျင်တွင် လျင်မြန်စွာ အထွက်နှုန်းတိုးတက်လာနိုင်သည်ကို မြင်တွေ့ရသည်။
မိသားစုတောင်သူများသည်
နယ်ပယ်ကွန်ရက်နှင့် ဒေသယဉ်ကျေးမှုများကို အသားကျလျက်ရှိပြီး ဒေသတွင်း ဈေးကွက်များတွင်
၎င်းတို့၏ ၀င်ငွေများကို ပြန်လည် စီးဆင်းစေကာ များစွာသော စိုက်ပျိုးမွေးမြူရေးဆိုင်ရာနှင့်
စိုက်ပျိုးမွေးမြူရေးနှင့် မသက်ဆိုင်သည့် အလုပ်များကိုလည်း လည်ပတ်စေသည်။
စိန်ခေါ်သံများ
လူဦးရေအဆမတန်တိုးမြင့်လာမှု၊
မြို့ပြတည်ဆောက်မှုတို့ကြောင့် ပေါ်ပေါက်လာသော ပဋိပက္ခများနှင့် စားနပ်ရိက္ခာအတွက် သွင်းကုန်ကိုသာ
အဓိက အားထားနေရခြင်းတို့သည် အရှေ့အလယ်ပိုင်းနှင့် အာဖရိကမြောက်ပိုင်းဒေသတို့၏ စားနပ်ရိက္ခာ
လုံခြုံရေးအတွက် ကြီးမားသော စိန်ခေါ်မှုများ ဖြစ်လာကြောင်း ကမ္ဘာ့စားနပ်ရိက္ခာနှင့် စိုက်ပျိုးရေးအဖွဲ့(FAO)
က ယခုလ ၂၄ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည်။
ယင်းဒေသရှိ
နိုင်ငံသုံးခုဖြစ်သော အယ်လ်ဂျီးရီးယား၊ ဂျော်ဒန်နှင့် ကူဝိတ်ရှိ လူဦးရေ၏ ထက်ဝက်သည်
ကာလရှည်ကြာစွာ စားနပ်ရိက္ခာရှားပါး ပြတ်လပ်မှုနှင့် ရင်ဆိုင်ခဲ့ရပြီး ထောင်စုနှစ်ရည်မှန်းချက်၏ တစ်စိတ်တစ်ပိုင်းဖြစ်သော
ငတ်မွတ်ခေါင်းပါးမှု လုံးဝပပျောက်ရေး လုပ်ငန်းစဉ်ကို အလေးပြုလာခဲ့ကြသည်။
ယခုထက်တိုင်ပင်
အဆိုပါ ဒေသရှိလူဦးရေ၏ ၁၀ ရာခိုင်နှုန်းဖြစ်သော ၄၃.၇ သန်းကျော်သည် အာဟာရချို့တဲ့မှုနှင့်
ရင်ဆိုင်နေရပြီး အသက် ၅ နှစ်အောက် ကလေးငယ် အားလုံး၏ ၂၄.၅ ရာခိုင်နှုန်းမှာလည်း အံ့အားသင့်ကြောက်ရွံ့ဖွယ်ကောင်းစွာပင်
အာဟာရချို့တဲ့မှုနှင့် ရင်ဆိုင်နေရသည်။
အာဟာရချို့တဲ့မှုမှာ
ဆင်းရဲသောနိုင်ငံများ၌ ဖြစ်စေ၊
ကြွယ်ဝသော နိုင်ငံများတွင် ဖြစ်စေ ဖြစ်ပွားလျက်ရှိပြီး ကျောင်းများ၊ ကုန်ထုတ်စွမ်းအားနှင့်
ပြည်သူ့ကျန်းမာရေး စောင့်ရှောက်မှုများ အားလုံးနှင့် ဆက်စပ်နေသည်။
ယီမင်၊ ဂါဇာကမ်းမြောင်ဒေသ၊
ဝက်စ်ဘန့်ခ်၊ ဆီးရီးယား၊ ဆူဒန်နှင့် အီရတ်တို့တွင် မကြာသေးမီ နှစ်များက စတင် ဖြစ်ပွားခဲ့သည့်
ပြည်တွင်းစစ်နှင့် ပဋိပက္ခများသည်လည်း အဆိုပါဒေသတွင် စားနပ်ရိက္ခာလုံခြုံမှုမရှိခြင်း၏
အဓိက အကြောင်းအချက်တစ်ခုဖြစ်နေကာ ဆီးရီးယားတစ်နိုင်ငံတည်း၌ပင် လူဦးရေ ၆ သန်းကျော်အတွက်
နိစ္စဓူဝ စားနပ်ရိက္ခာအခက်အခဲရှိနေပြီး စိုက်ပျိုးရေးဆိုင်ရာ အကူအညီအထောက်အပံ့များလည်း
များစွာလိုအပ်လျက်ရှိသည်။
FAO ၏ လုပ်ငန်းဆောင်တာများနှင့် ဖွဲ့စည်းပုံ
ကမ္ဘာ့စားနပ်ရိက္ခာနှင့်
စိုက်ပျိုးရေးအဖွဲ့ (FAO) ၏ ဆောင်ရွက်မှုများမှာ (၁) ကမ္ဘာ့စားနပ်ရိက္ခာအခြေအနေ၊ စိုက်ပျိုးရေး
အခြေအနေတို့ကို မပြတ်သုံးသပ်ခြင်း၊ အဖွဲ့ဝင်နိုင်ငံများသို့ ရိက္ခာအကြောင်း၊ အာဟာရအကြောင်း၊
စိုက်ပျိုးရေးအကြောင်း၊ သစ်တောအကြောင်း၊ တံငါလုပ်ငန်းအကြောင်း၊ ကိန်းဂဏန်းအချက်အလက်များ
ဖြန့်ဝေပေးပို့ခြင်း၊ စိုက်ပျိုးရေး ထုတ်ကုန်များ ထုတ်လုပ်ဖြန့်ဖြူး စားသုံးမှုဆိုင်ရာ
အချက်အလက်အခြေအနေများကို အကြောင်းကြားခြင်း၊ (၂) ရိက္ခာထုတ်လုပ်ရေးနှင့် ရောင်းဝယ်ဖြန့်ဖြူးရေးနည်းလမ်းများ
တိုးတက်ရန်အားပေးခြင်း၊ သယံဇာတများ ထိန်းသိမ်းစောင့်ရှောက်ခြင်း၊ လယ်ယာလုပ်ငန်းဆိုင်ရာ
ကြိုတင်ချေးငွေများ ထုတ်ပေးခြင်း၊ (၃) မြေယာသစ်များ ထွန်ယက်စိုက်ပျိုးနိုင်ရန်အတွက်
သိပ္ပံနည်းပညာများ အကူအညီပေးခြင်း၊ အထွက်တိုးရေး၊ ထုတ်လုပ်မှု စရိတ်လျော့နည်းရေး၊ ဖြန့်ဝေရေးစနစ်
ပိုမိုကောင်းမွန်ရေး စားသုံးမှုနှုန်းမြင့်မားရေး၊ ကျေးလက်ဖွံ့ဖြိုးတိုးတက်ရေး အစရှိသည်များအတွက်
အကူအညီပေးခြင်း စသည်တို့ဖြစ်သည်။
ကမ္ဘာ့စားနပ်ရိက္ခာနှင့်
စိုက်ပျိုးရေးအဖွဲ့၏ ညီလာခံကို နှစ်နှစ်တစ်ကြိမ်ကျင်းပရာ အဖွဲ့ဝင်တိုင်း ညီလာခံကိုယ်စားလှယ်
တစ်ဦးစီ စေလွှတ်နိုင်ပြီး ယင်းညီလာခံသည်ပင် အဖွဲ့၏ မူဝါဒလမ်းညွှန်အဖွဲ့ဖြစ်ကာ ညီလာခံမှ
တင်မြှောက်သော ကောင်စီဝင် ၂၅ ဦးတို့က ညီလာခံတစ်ခုနှင့်
တစ်ခုအကြား အဖွဲ့၏ လုပ်ငန်းများကို ကြီးကြပ်ဆောင်ရွက်သည်။
၂၅ ဦးကောင်စီသည်
ကမ္ဘာ့စားနပ်ရိက္ခာအခြေအနေနှင့် စိုက်ပျိုးရေးအခြေအနေများကို သုံးသပ်လျက် အဖွဲ့ဝင်နိုင်ငံများသို့
ဆောင်ရွက်ဖွယ် နည်းလမ်းများပေးပို့ အကြောင်းကြားလေ့ရှိသည်။ ညွှန်ကြားရေးမှူးချုပ်တစ်ဦးနှင့်
အမြဲတမ်းရုံးဝန်ထမ်းများ ရောမမြို့ရှိ အဖွဲ့ချုပ်ရုံးတွင် ရုံးထိုင်၍ တာဝန်ထမ်းဆောင်လျက်ရှိသည်။
အာဆီယံအတွက် လာခြင်းကောင်းသော နှစ်
၁၉၄၃ ခုနှစ်
မေလက အမေရိကန်ပြည်ထောင်စု ဗာဂျီးနီးယားပြည်နယ် ဟော့စပရင်း၌ ပြုလုပ်ခဲ့သော ကုလသမဂ္ဂစားနပ်ရိက္ခာနှင့်
စိုက်ပျိုးရေးညီလာခံ၏ ရလဒ်အဖြစ် ၁၉၄၅ ခုနှစ် အောက်တိုဘာလတွင် ပေါ်ပေါက်လာခဲ့သည့် ကမ္ဘာ့စားနပ်ရိက္ခာနှင့်
စိုက်ပျိုးရေးအဖွဲ့ (FAO) က သတ်မှတ်လိုက်သော မိသားစု တစ်နိုင်တစ်ပိုင် စိုက်ပျိုးမွေးမြူရေးနှစ်
အတွက် စိန်ခေါ်မှုများသည် ကမ္ဘာ့မျက်နှာစာ အသီးသီးတွင် ထုထည်အစိုင်အခဲ ကြီးမားစွာ ရှိနေသည်ကို
မိမိတို့ အရှေ့တောင်အာရှ ဒေသတွင်း နိုင်ငံများအနေဖြင့်လည်း သတိမူရမည်။
နိုင်ငံတကာ
နှစ်အဖြစ်သတ်မှတ်မှုသည် မိသားစုတစ်နိုင်တစ်ပိုင် စိုက်ပျိုးမွေးမြူရေး၏ ပုံရိပ်ကို မြှင့်တင်ပေးပြီး
ဆင်းရဲမွဲတေမှု၊ ငတ်မွတ်ခေါင်းပါးမှု လျှော့ချရေး၊ စားနပ်ရိက္ခာလုံခြုံမှုနှင့် အာဟာရပြည့်ဝစေမှု
ထောက်ပံ့ပေးနိုင်ရေး၊ မွေးမြူရေးလုပ်ငန်းတိုးတက်စေရေး၊ သဘာဝအရင်းအမြစ်များ စီမံခန့်ခွဲမှု၊
သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းကာကွယ်မှုနှင့် ကျေးလက်ဒေသများတွင် စဉ်ဆက်မပြတ်ဖွံ့ဖြိုးမှုတို့
အထမြောက်စေရေးအတွက် တစ်ကမ္ဘာလုံး အလေးဂရုပြုလာစေရန်လည်း ရည်ရွယ်ကြောင်း သိရသည်။
ယခုနှစ်အတွင်း
နိုင်ငံအဆင့်၊ ဒေသအဆင့်နှင့် ကမ္ဘာအဆင့်အထိ မိသားစုတစ်နိုင်တစ်ပိုင် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများတွင်
ကြုံတွေ့နေရသော စိန်ခေါ်မှုများကို သိရှိနားလည်စေရန် ကျယ်ပြန့်သည့် ဆွေးနွေးမှုများနှင့်
ပူးပေါင်းဆောင်ရွက်မှုများ ပြုလုပ်သွားမည်ဖြစ်ကာ မိသားစုတောင်သူများအတွက် ထိရောက်ပြည့်စုံသော
ထောက်ပံ့ရေးနည်းလမ်းများကိုလည်း သတ်မှတ်ဖော်ဆောင်ပေးသွားမည်ဟု ထုတ်ပြန်ထားသည်။
အာဆီယံနိုင်ငံများ၏
စိုက်ပျိုးရေးမွေးမြူရေးဆိုင်ရာ ယဉ်ကျေးမှုမှာ မိသားစုတစ်နိုင်တစ်ပိုင် လုပ်ကိုင်ခြင်းကို
အတွေ့ရအများဆုံးဖြစ်သည်။ မြန်မာနိုင်ငံတွင်လည်း စိုက်ပျိုးမွေးမြူရေးလုပ်ငန်းလုပ်ကိုင်မှုတွင်
မိသားစုတစ်နိုင်တစ်ပိုင်လုပ်ကိုင်ခြင်းကိုသာ အများဆုံးမြင်တွေ့ရဆဲဖြစ်ပြီး ၂၀၁၄ ခုနှစ်၏
အားသာချက်တစ်ခုဖြစ်သည့် မိသားစုတောင်သူများအတွက် အထောက်အပံ့ကောင်းများ ရရှိစေရန် စိန်ခေါ်သံများကို
ကြိုဆိုရင်ဆိုင်ကာ အကျိုးရလဒ်ကောင်းများ ရယူနိုင်ပါစေကြောင်း နှိုးဆော်လိုက်ရပါသည်။
ကျော်လင်းထွန်း
REF; www.fao.org



Comments
Post a Comment