"ကျွန်တော်နှင့် ဝေ့လည်ကြောင်ပတ် ၀ိသေသများ"



ကျနော် က အဲ့မှာ ရှိမနေပါဘူး . . သူတို့ပြန်သွားကြပြီ ၊  နာရီလက်တံတွေနဲ့ ချိတ်ဆက်ထားရုံ . . . အာမခံချက် ဆိုတာ မြူမှုန်ပေါ့ ၊ မြေပြင်ပေါ် လွင့်ဝဲသွားချင်ခဲ့တုန်းကလည်း . . . သူတို့ရှိမနေခဲ့ပြန်ပါဘူး။

ပြောင်းလွယ် ပြင်လွယ် နိယာမတွေနဲ့ ကန္တရဆန်ဆန် ခြောက်သွေ့လာချိန် ကျနော်ဆိုတဲ့ ချိန်ကိုက်ဗုံးထည့် ပါစယ်တစ်ထုပ်ကို အမြတ်တနိုး လက်ခံဖွင့်ဖောက်၊ နောက်ကျိ ရိရွဲပြီးသား မြိုင်ကျ ချောင်းရေတွေထဲ မြူးတူးပျော်ပါးခဲ့တဲ့ . . . ဘ၀ရဲ့ မိုးရာသီအားလုံးထက်ပို ဒီနှစ်မိုးရာသီကို ယဉ်းပါးနေမိတယ်။

ပျော့ညံ့မှုတွေက သူမရဲ့ ဘာသာဗေဒမှာ အရာမထင်ခဲ့၊ မနေ့နဲ့ ဒီနေ့ စပ်ကြားက ခွဲခွာနေရချိန်တွေအတွက် မသတီလွန်းစွာလည်း ကျိန်ဆဲမိနေတာ . . . ကျနော်ဆိုတဲ့ အမှုန်တစ်ခုရဲ့ ဖြစ်တည်မှု အစိုင်အခဲမှာ ယိုင်လဲလာတာက မိုးရာသီကို ချစ်ခင်တွယ်တာစိတ် . . . ဘာလို့လဲ မသိဘူး . . ကျနော် မိုးရာသီကို ကုန်လွန်ချင်လှပြီ။ ကောင်းကင်တမန်တော်ဆိုတာရှိရင် မန်းမှုတ်ပြီး မောင်းထုတ်ပေးလိုက်ပါတော့ ၊ ဒါမှ ဆောင်းညတွေ . . . မြူစတွေ ၊ ပြီးတော့ . . . နှင်းစက်ကလေးတွေ ဝေလာနိုင်လိမ့်မပေါ့ ။

မသင်္ကာစရာ တစ်ခုရှိတာက ကျနော်တို့မှာ ရသစာပေ ငတ်မွတ်တဲ့ စိတ် မရှိတော့ဘူး ဆိုတဲ့ အကြောင်းပဲ။ ဒါ တကယ် ဖြစ်နိုင်ပါ့မလား . . .။ အသက်ရှင် ရပ်တည်ရေး ၊ စိတ်တိုင်းကျပျံ့လွင့်ခွင့်ဆိုတဲ့ မောင်းနှင်အားမှာ ရင်းနှီးဖြစ်နေတာက စိတ်နဲ့ ခန္ဓာ ။ စာအုပ်တွေရယ်၊ ပြီးတော့ စာအုပ်တွေထဲက ငိုသံ၊ ရယ်သံ အဖြစ်အပျက်နဲ့ ခေတ်အဆက်ဆက်ရဲ့ ကြေးမုံပြင်ကျယ်ကြီးတွေရယ် . . . ၊ တကယ်တော့ မနက်ခင်း နေမင်းကြီး မနိုးလင်းခင်ကတည်းက ကျနော်တို့က ကျနော်တို့ ရသကို ကျနော်တို့ ကိုယ်တိုင် ဖန်တီးကြ၊ ဖွဲ့နွဲ့ကြနဲ့ . . မအားလပ်ခဲ့ဘူး။

စိမ်းလန်းမှုတွေ အုပ်ဆိုင်းမနေသ၍၊ အမ်းပြီးသားအိပ်မက်တွေအတွက် နောင်တမရသ၍၊ အဲဗျာ . . . ထားပါတော့ . . တချို့ကြိယာဝိသေသနတွေက အဆင်မသင့်မှုတွေပါ ။ ပီနံကြိုးတစ်ချောင်းသဖွယ် လယ်ပြင်ထက်က လွင့်ကျခဲ့ဖူးတဲ့ မြူမှုန်တစ်စ အတွက် မပြတ်သားနိုင်တတ်သေးတာ . . . ၊ ရယ်သွမ်းသွေးမှုတွေထဲ ချော်လဲသွားမှာ စိုးရွံ့လို့ ၊ ဟုတ်ပါပြီ . . . တစ်စုံတစ်ယောက် လာပြောသလိုပဲ . . ခင်ဗျားဗျာ . . . တော်တော်ဝေ့လည် ကြောင်ပတ်နိုင်သူပဲ . . . ။

ဟုတ်တယ် . . ဟိုအရင်ကလည်း ကြားဖူးတယ် ၊ တိုးညှင်းတဲ့ အသံပိုင်ရှင်က ကျနော်ကိုယ်တိုင်ပဲ။ အခု ချိုလွင်စူးမြတဲ့ အသံပိုင်ရှင်လေးကတော့ သူမဆိုပါတော့ . . . ။ 

အဲ့ ခုနက အကြောင်းပြန်ဆက်ရရင် အဆိုပါ ကြိယာနှင့် နာမ၀ိသေသနပေါင်းများစွာ အပါအ၀င် ကျနော် မပိုင်ဆိုင်သော ၊ ကျနော် မဖန်းတီးဖူးသော ၀ိသေသထူးများနဲ့ နှီးနွယ် ဖော်ပြနိုင်စွမ်းသော အမှုန်၊ အစက်အပျောက်၊ အစိုင်အခဲ၊ ထုထည်၊ အရည်၊ အငွေ့၊ ခံစားချက်စံနှုန်းများ . . . အားလုံး၊  အားလုံးထက်ပို သူမရဲ့ အနမ်းတစ်ပွင့်ကို ကျနော် ငတ်မွတ်တယ်ဆို . . .  အမှန်တရားအတွက် ရဲရင့်ပြတ်သားပြီး လက်နက်မျိုးစုံ ကိုင်တွယ် တိုက်ခိုက်နိုင်စွမ်းတဲ့ ဂုမ္ဘာဏမျိုးနွယ်စုဝင် မိန်းမသားတွေရဲ့ နှင်းဆီဖူးလေးအလား ပျိုနုဖူးရွနေတဲ့ သူမရဲ့နှုတ်ခမ်းအစုံကို ပုလဲသွယ်ကုံး စကျင်ရှုံးအောင်ဖြူနိုင်ရက်တဲ့ သွားထက်ထက်ကလေးတွေနဲ့ ခပ်ဖွဖွ ဖိကိုက်ထားရင်း မျက်မှောင်ပြေပြေလေး ကုတ်လို့ ကျနော့်ကို စိုက်ကြည့်မှာ မြင်ယောင်နေမိတယ်။


-ကျော်လင်းထွန်း-

Comments