"ထပ်ပြန်တစ်လဲလဲ အကြံပြုချင်တာက . . . "

ထပ်ပြန်တစ်လဲလဲ အကြံပြုချင်တာက
သင် မွန်းကျပ်နေတဲ့ အခါ
ကဗျာဆရာ တိုက်မယ့် လက်ဖက်ရည် တစ်ခွက်
နေ့တာ တစ်ရက်ထဲက မိနစ်အနည်းငယ်ဖဲ့လို့
သောက်လိုက်ပါ . . .

ဖဲ့ပြီးသား မိနစ်တွေကို ရွှံ့နှစ်ရောင် လက်နေတဲ့ ခွက်ထဲ
တို့အစား ခံရမှာ မဟုတ်သလို
သူတိုက်မယ့် လက်ဖက်ရည်ဟာ
နှပ်ပြီးသား ဖြစ်ချင်မှဖြစ်မယ်
ဇွန်းလည်း တပ်ချင်မှ တပ်ထားမယ်
ဒါပေမဲ့
ဇိမ်ယူပြီး သောက်လိုက်ပါ . . .

တစ်မိနစ်နဲ့ နှစ်မိနစ်ကြားမှာ
ခါးသက်မှုတွေ ဆက်တိုက် ထိုးနှက်ခံရနိုင်သလို
သံရည်ကျိုပြီးသား ချော်တွေလဲ နားထဲ
ဒလဟော စီးကျလာနိုင်ရဲ့ . . .

မဲ့ပြုံး တချို့ကြောင့် မျက်ခုံးလှုပ်လာရင်
ခါချဉ်အုံ ဒုတ်နဲ့ ထိုးမိပြီလို့ မတွေးဘဲ
ဦးနှောက်ထဲ ဆိုက်ကလုံးအစင်းတစ်ရာ
ဝင်ရောက်လာပြီလို့သာ ခံယူစေချင်ရဲ့ . . .

တစ်ခု . . ထပ်ပြန်တစ်လဲလဲ အကြံပြုချင်တာက
အဲဒီလူဟာ ကဗျာဆရာ ဖြစ်နေဖို့ပါပဲ . . . ။               ။


-ကျော်လင်းထွန်း-

Comments