“ဖီချာအတွေး”


ဖီချာကိုစစွဲလန်းမိချိန်ကတည်းက ဖီချာနောက် ကောက်ကောက်ပါအောင်လိုက်ခဲ့တာ ဒီနေ့ထိ ဆိုပါစို့။ သူများတွေအတွက် မသိ။ ကိုယ့်အတွက်က ဖီချာဟာ အခုံမင်ဆုံး အရသာ။

ဒီလိုဆို ဖီချာဟာ ကိုယ့်အဖို့မှာ သိပ်ချောမွေ့လွယ်ကူတာတော့ မဟုတ်ပြန်ပါ။ ပင်ကိုယ်ဖြတ်ထိုးဉာဏ်မကောင်းသူ၊ ဝီရိယနည်းသူမို့ ဖီချာတိုင်းမှာ ကိုယ့်ဖြစ်တည်မှုတစ်ခုလုံး ပုံအော လောင်းထည့် ထုဆစ်ရသလို ခံစားရတာ ဒီနေ့ထိပဲ။

တချို့ဆို စိတ်ကနှစ်ထားရင် တခြားဘာမှ အာရုံမရတော့တာမျိုး ... ဖီချာသမားတွေ သိကြမယ်။ စားလည်းဒီစိတ်၊ သွားလည်းဒီအတွေး၊ အိပ်နေရင်းနဲ့တောင် ဆက်ပြီးခေါင်းထဲဝင် မီးမွှေးသွားတတ်တာမျိုး။

ဒါပေမယ့် တခါတလေ အကြောင်းအချက္များစွာ အလယ် စိတ်ဓာတ်တွေ ထိုးဆိုက်ကျဆင်းနေတဲ့အခါ၊ ဒါမှမဟုတ် ကိုယ်မျှော်လင့်တာတွေ မရ၊ အားထုတ်သလောက် ပီပီပြင်ပြင် ရုပ်လုံးမကြွလာသေးတဲ့အခါ ... အဲဒီ ဖီချာအကြောင်း စိတ်ထဲမထည့်ရဲ၊ မတွေးရဲ၊ အိပ်မက္ထဲ လိုက်လာမှာကြောက်လို့ ... ကိုယ့်စိတ်နဲ့ကိုယ် ပတ်ပြေးနေရတာမျိုးလည်း ရှိတယ်။

သို့ရာမယ် အသိတစ်ခုက ဖီချာနဲ့ တွဲပြီး ရှိနေတယ်။ သူရဲ့ သော့တံတွေ တစ်ချောင်းပြီး တစ်ချောင်း တွေ့လာ၊ မြေပုံစာရွက်လေးတွေ တစ်ရွက်ပြီးတစ်ရွက်စုမိလာ၊ အဲဒီလိုနဲ့ လျှောက်ရင်း ဖီချာစုံတောမြိုင်ဝယ် တဝဲလည်လည်။

ခင်ဗျားပြောသမျှကို ကျနော် ဘယ်တုန်းက ယတိပြတ် ယုံဖူးလို့လဲ။ တောမြိုင်၀င်္ကပါဆိုပေမယ့် ကိုယ်က ထွက်ပေါက်ကို လိုက်ရှာနေရတာမျိုးလည်း မဟုတ်ပြန်ဘူး။ ဒီလောက်ဆိုရင် ခင်ဗျားလည်း မေးချင်လာမယ်၊ ‘မင်းဘာကိုအဓိကပြောချင်တာလဲ’ ဆိုတာမျိုး။ တိတိပပပြောရရင် ဖီချာဟာ ကျနော့်ဘ၀အတွက် တစ်စုံတစ်ခုပဲ။ ကြီးမားတဲ့ ဘဝအစိတ်အပိုင်းဆို ပိုမှန်မယ်။

"အဲဒီတော့ ဘာဖြစ်သလဲ"၊ ပြဿနာနဲ့ စိန်ခေါ်မှုတွေက ဘာတွေလဲ၊ ဘယ်လိုပွတ်တိုက္မှုတွေ ရှိတာလဲ၊ ဖွဲ့စည်းပုံရော ပေါ်လွင်ပြီလား ဘယ်လိုဖြေရှင်းမှာလဲ၊ လက်တွေ့က ဘယ်လိုဖြေရှင်းမှာလဲ၊ စီးဆင်းပုံ ငြင်သာရဲ့လား။ စိတ်အလျင်နဲ့ ဂျောင်းဂျောင်းပြေးနေတဲ့ ပါဒများ ... မေးခွန်းများ။

မေးခွန်းတွေ … များလေ၊ ဖြေစရာတွေ များလေပဲ ... များလေ ကြိုက်သလောက္များစမ်းပါ။ မသူတော် ၁၂ ပါးက ရုံးဆင်းချိန် ဖုန်းအဝင်ခေါ်ဆိုမှုတွေကနေ တရားတပေါင်တွေအထိ ကြိုက်တဲ့ ငရဲတံခါးကို ခေါက် ... အရောက်လိုက်ပို့ပေးလိမ့်မယ်။

တင်းတောင့်နေဖို့ မလိုသလို ပျော့ခွေနေဖို့လည်း မလိုဘူး။ အချစ်ကို စားတဲ့ ကိန်းဂဏန်းတွေ ဘယ်လို ယဉ်ပါးစေမှာလဲ၊ ဘယ်အရာတွေက မျိုချရလွယ်အောင် ကျားကန်ပေးမလဲ။ အဆင်း၊ အသံ၊ အနံ့၊ အထိအတွေ့နဲ့ အရသာ။ နောက်ခြောက်လအိမ်စာချုပ်ထက် အချိုးအပြောင်း၊ အချိတ်အဆက်တွေ ပြေပြစ်နေဖို့က ပိုအရေးကြီးတယ်။

ခင်ဗျား ချက်ရမယ် ဟင်းက တစ်ခွက်ပဲ၊ ပိုတဲ့ ကြက်သွန်ဖြူနီ၊ ဆီဆန် အသားငါး ... ကြောင်အိမ်ထဲ ရေခဲသေတ္တာထဲ ပစ်ထည့်ထားလိုက်။ တရားမျှတမှုနောက်ကို လိုက်ရင်း ပြစ်ဒဏ်တွေကလည်း အရန်သင့်။ ကမောက်ကမတွေ ပြုပြင်ချင်တယ် မတော်တရော်တွေ ရှုတ်ချချင်တယ်၊ မြင်ကွင်းလား၊ ဖြစ်စဉ်လား၊ အလှုပ်တွေဆိုရင်တော့ မျက်လုံးထဲ ပေါ်လွင်မှန်းဆနိုင်ဖို့ လိုတယ်လေ။

ဆိုက်ကားသမားကနေ သမ္မတအထိ ခင်ဗျားဟင်းကို မထွေပြားဘဲ စားလို့ ဘဝင်ကျစေရမယ်။ ကျောက်ဆောင်၊ ဝဲဂယက်၊ အမှိုက်သရိုက်တွေ မထူပြောအောင် ဂရုထားနေတုန်း မြောက်ဝင်ရိုးစွန်းက ကွေ့ကောက်တဲ့ မြစ်တွေ အကြောင်း ခေါင်းထဲရောက်လာရင်တော့ သဲသောင်ထူပြောပြီး ကောင်းကောင်း မစီးဆင်းနိုင်တော့ဘူးပေါ့။

ကျနော်အချိန်တိုင်း တွေးလေ့ရှိတာ တစ်ခုက ခင်ဗျားကို ဘယ်လိုဆောင့်ကန်ရမလဲဆိုတာပါပဲ။ အခုလည်း ကျနော့်မှာ တခြားအတွေးမရှိဘူး။ ခင်ဗျားကို ဘယ်လို ဆောင့်ကန်ရမလဲပဲ တွေးနေတာ။

ကျော်လင်းထွန်း
၂၅၊ မေ၊ ၂၀၁၈ (သောကြာ)
.
[Revised on 30/Aug/2020]
.
Graphic Art: Mr. Fish



Comments