"သတင်းသမား၏ ဇနီး တစ်ဖြစ်လဲ ရွှေဝါရောင်ခေါင်းဆောင်၏ နှမ"


ပေါက်မြို့ရှိ နေအိမ်ခြံဝန်းတစ်ခုရှေ့တွင် သစ်သားစင်ဖြင့် ဓာတ်ဆီဘူးများတင်ထားပြီး အိမ်နဖူးစည်းတွင် MCEC (ကွန်ပျူတာနှင့် အင်္ဂလိပ်စာသင်တန်း) ဟူသောဆိုင်းဘုတ်တစ်ခုရှိနေသည်။ ထိုအိမ်နှင့်ခြံဝန်းမှာ ၂၀၁၄ ခုနှစ်က နိုင်ငံတော်လျှို့ဝှက်ချက် အက်ဥပဒေအရ ထောင်ဒဏ် ၁၀ နှစ် ချမှတ်ခံရသည့် သတင်းထောက်တစ်ဦး၏ အေးရိပ်မြုံလေး ဖြစ်သည်။
ကိုလူမော်နိုင်သည် ယူနတီဂျာနယ်၏ ပေါက်မြို့ နယ်ခံသတင်းထောက် ဖြစ်ကာ ယင်းဂျာနယ်သည် တပ်မတော်နှင့် ဆိုင်သည့် သတင်းတစ်ပုဒ်အတွက် အမှုရင်ဆိုင်ရပြီး မကြာမီပင် ယင်း၏ အပတ်စဉ် ထုတ်ဝေမှုကို ရပ်ဆိုင်းခဲ့ရသည်။ ၎င်းအပါအ၀င် အမှုဆောင် အရာရှိချုပ်နှင့် အခြားသတင်းထောက် သုံးဦးတို့ကို ပခုက္ကူခရိုင်တရားရုံးက နိုင်ငံတော်လျှို့ဝှက်ချက် အက်ဥပဒေဖြင့် ထောင်ဒဏ် ၁၀ နှစ်စီချမှတ်လိုက်ခြင်း ဖြစ်သည်။
၁၉၂၃ ခုနှစ် နိုင်ငံတော် လျှို့ဝှက်ချက်အက်ဥပဒေ ဆိုသည်မှာ မြန်မာနိုင်ငံ၌ ပထမကမ္ဘာစစ်အပြီးကာလတွင် စတင်ပြဋ္ဌာန်းခဲ့ခြင်းဖြစ်ကြောင်း ရှေ့နေဦးရောဘတ်စန်းအောင်က ရှင်းပြသည်။ ထိုစဉ်ကမြန်မာပြည်သည် ဗြိတိသျှ လက်အောက်ခံ နိုင်ငံတစ်ခု ဖြစ်ရာ ၎င်းတို့၏ သြဇာအာဏာစက် ပျက်ပြားစေရေးမပြုလုပ်နိုင်ရန်၊ လျှို့ဝှက်ချက်များ မပေါက်ကြားစေရန် ပြဋ္ဌာန်းခဲ့ခြင်း ဖြစ်သည်ဟု ၎င်းက ဆိုသည်။
ယူနတီကိစ္စနှင့် စပ်လျဉ်း၍ သဘောထားကွဲလွဲမှု နှစ်ခု ရှိနေသည်။ အချို့က နိုင်ငံတော် လျှို့ဝှက်ချက် အက်ဥပဒေ မရှိသင့်ဟု မှတ်ချက်ပြုကြပြီး အချို့ကမူ ရှိသင့်သည့် ဥပဒေ ဖြစ်သော်လည်း ပြစ်ဒဏ်က များလွန်းကာ ခေတ်နှင့် လျော်ညီရန်လည်း ပြုပြင်ပြဋ္ဌာန်းသင့်သည်ဟု ဝေဖန်ကြသည်။ ခင်ပွန်းဖြစ်သူ ထောင်မကျစဉ်ကတည်းက ကွန်ပျူတာနှင့် အင်္ဂလိပ်စာသင်တန်းကျောင်းကို ဒေသဖွံ့ဖြိုးရေးအတွက် ရည်ရွယ်လျက် တစ်ဖက်တွင်လည်း မိသားစုအသုံးစရိတ် ကာမိစေရန် ဖွင့်လာခဲ့သည့် မလွင်လွင်မြင့်က “သူအဖမ်းခံရပြီးနောက်ပိုင်း သင်တန်းသားတစ်ယောက်မှ မလာရဲကြတော့ဘူး” ဟု ပြောသည်။
လေးနှစ်အရွယ် သမီးငယ်လေး၏ မိခင် သို့မဟုတ် အ၀တ်အထည်များကို နေ့သွင်းစနစ်ဖြင့် ရောင်းချရန်လည်း စီစဉ်ထားသော မလွင်လွင်မြင့်သည် ထောင်နန်းစံ သတင်းသမား၏ ဇနီးဖြစ်ရုံသာမက ၂၀၀၇ ရွှေဝါရောင်တော်လှန်ရေးတွင် ဦးဆောင် သံဃာတစ်ပါးအဖြစ် လှုပ်ရှားခဲ့ပြီး လက်ရှိ တရားမ၀င် နယ်စပ်ဖြတ်ကျော်မှုနှင့် ထောင်ဒဏ်ကျခံနေရဆဲ ဖြစ်သည့် ဦးညီညီလွင်၏ အမလည်း ဖြစ်သည်။
“သူ (ဦးညီညီလွင်) ကတော့ အခုလ ၂၆ ရက်နေ့လောက် လွတ်မယ်လို့ ခန့်မှန်းရပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကြေညာချက်အရဆိုရင် တရားရုံးမှာ အမှုရင်ဆိုင်နေရသူတွေ ပုဒ်မ ၄၉၄ အရ အမှုပိတ်သိမ်းမယ်ဆို အဲဒီနေ့မှာ လွတ်နိုင်မယ်လို့ ခန့်မှန်းတာပါ” ဟု ၎င်းက ဆိုသည်။
ခင်ပွန်းဖြစ်သူထောင်ကျပြီးနောက် အိမ်ထောင့်တာဝန်ကို တစ်ကိုယ်တည်းထမ်းရွက်ခဲ့သော မလွင်လွင်မြင့်သည် သင်တန်းသားများလည်းမလာတော့သည့် အဆုံး နေအိမ်ခြံဝန်းရှေ့တွင် ဆိုင်ကယ်ဓာတ်ဆီရောင်းချနေခြင်း ဖြစ်သည်။
မြန်မာဂျာနယ်လစ်ကွန်ရက် (MJN) မှ လစဉ်ထောက်ပံ့ငွေကျပ်တစ်သိန်းမှ လွဲ၍ အခြား ၀င်ငွေ မရှိရာ မိသားစု ရပ်တည်ရေးမျှော်လင့်ချက် ကြိုးမျှင်တစ်စ ဖြစ်လိုဖြစ်ငြား စီးပွားရေးလုပ်ငန်းအစုံကို မြေစမ်းခရမ်းပျိုးနေမိခဲ့သည်။ ကိုလူမော်နိုင်အပါအ၀င် ယင်းသို့ ယူနတီဝိုင်းတော်သားများ လွတ်မြောက်လာမှုအပေါ် ဦးဂမ္ဘီရ ခေါ် ဦးညီညီလွင်၏ ဇနီးဖြစ် သြစတြေးလျနိုင်ငံသူ မာရီစီရော့ချနာကမူ “ကျွန်မနဲ့သူက အိမ်ထောင်ဘက်တွေနဲ့ စပ်ရင် အမျိုးတော်ကြပေမယ့် တခါမှ မမြင်ဖူးသေးပါဘူး၊ ဒါပေမယ့် လွတ်လာတာကြားတော့ ၀မ်းသာပါတယ်၊ ဦးဂမ္ဘီရလည်း အမြန်ဆုံးလွတ်ဖို့ မျှော်လင့်ပါတယ်” ဟု ပြောသည်။
၁၈၆၁ ခုနှစ်က ပြဋ္ဌာန်းခဲ့ပြီး ၁၉၆၃ ခုနှစ်တွင် တစ်ကြိမ်သာ ပြင်ဆင်ခဲ့ဖူးသည့် ရာဇသတ်ကြီး ဥပဒေတွင် လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုပိုင်ခွင့်ကို ချိုးဖောက်နေသော ပုဒ်မများရှိကြောင်း ပညာရှင်များက ဝေဖန်ကြသည်။၎င်းတို့မှာ ဖော်ပြချက်ကိုဖြစ်စေ၊ ကောလာဟလကို ဖြစ်စေ၊ သတင်းကို ဖြစ်စေ ပြုရာတွင်၊ သို့တည်းမဟုတ် ထုတ်ပြန်ကျေညာရာတွင် အများပြည်သူ၏ အကျိုးပျက်စီးစေမှုကို ဖြစ်သော ဖော်ပြချက်ဆိုင် ပုဒ်မ ၅၀၅ (က)၊ (ခ)၊ (ဂ)၊ အသရေဖျက်မှု ပုဒ်မ ၅၀၀၊ အစိုးရကို ဆန့်ကျင်သော ပြစ်မှု ပုဒ်မ ၁၂၂ ၊ နိုင်ငံတော် သစ္စာဖောက်ဖျက် ပုန်ကန်မှု ပုဒ်မ ၁၂၄၊ ပိုင်နက်ကျူးလွန်မှု ပုဒ်မ ၄၄၇၊ သာသနာရေးဆိုင်ဆိုင် ပြစ်မှု ပုဒ်မ ၂၉၅၊ တရားမ၀င် စုဝေးမှု ပုဒ်မ ၁၄၂၊ ၁၄၃၊ ၁၄၅ တို့ ဖြစ်ကြသည်။

ဤသည်တို့မှာ မြန်မာပြည်ရှိ သတင်းသမားများ၏ နံကြားကို ထောက်ထားသော ဓားများလည်း ဖြစ်ကြောင်း ဥပဒေပညာရှင်များနှင့် ၀ါရင့်သတင်းစာဆရာများက ဝေဖန်ထောက်ပြကြသည်။ နိုင်ငံတော် သမ္မတ ဦးသိန်းစိန်လက်ထက်မှာပင် ယင်းတို့အနက်မှ အချို့သော ပုဒ်မများနှင့် သတင်းသမားများကို တရားစွဲဆို ထောင်ဒဏ်ချမှတ်မှုများ ရှိခဲ့သည်။ ဦးသိန်းစိန် အစိုးရ လက်ထက်တွင် သတင်းသမား ၁၀ ဦး ထောင်ဒဏ်ချမှတ်ခံခဲ့ရပြီး ၂၀ ဦးဝန်းကျင်မှာ အစိုးရ၏ တရားစွဲဆိုချက်များကြောင့် ရုံးချိန်များ တက်ခဲ့ရသည်။ ကိုလူမော်နိုင်တို့ ယူနတီသတင်းစာဆရာများအတွက် ပထမအကြိမ် တိုင်းအဆင့် အယူခံဝင်စဉ်က ၃ နှစ် အနိုင်ရခဲ့၍ ထောင်ဒဏ် ၇ နှစ်သို့ လျော့ကျသွားသည်။ နေပြည်တော်တွင် ထပ်မံ၍ အယူခံစာ တင်ထားသော်လည်းလက်ခံမည်ဟုတ်မဟုတ်ကိုမူ သမ္မတကြီး ဦးသိန်းစိန်အစိုးရ သက်တမ်း ကုန်ဆုံးချိန်တိုင် မသိခဲ့ကြရပေ။
သို့ရာတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ဦးဆောင်သော အစိုးရသစ်လက်ထက်ရောက်ပြီး လ၀က်ကျော်အကြာမှာပင် ၎င်းတို့အားလုံး သမ္မတဦးထင်ကျော်၏ လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် အကျဉ်းထောင်များမှ လွတ်လာကြသည်။ ထောင်ဒဏ် ၂ နှစ်၊ ၂ လ၊ ၁၇ ရက်တိတိ ကျခံခဲ့ရသော ကိုလူမော်နိုင်က “သမ္မတကြီးဦးထင်ကျော်ရဲ့ လုပ်ပိုင်ခွင့်၊ မေတ္တာစေတနာနဲ့ လွတ်လာတာဆိုတော့ သမ္မတကြီးကို အရမ်းလေးစားပါတယ်။ ပြီးတော့ ပြည်သူတင်မြှောက်ထားတဲ့ သမ္မတတစ်ယောက်အနေနဲ့ ပြည်သူ့ဆန္ဒ၊ ပြည်သူ့အကျိုးစီးပွားကို ဖော်ဆောင်ပေးတာလည်း အင်မတန် ချီးကျူးစရာကောင်းတဲ့ လုပ်ရပ်လို့ မြင်ပါတယ်” ဟု ဆိုသည်။ ၎င်းအနေဖြင့် လက်ရှိတွင် ဂျာနယ်လစ်ယောက်အဖြစ်သာ ဆက်လက်ရပ်တည်သွားရန် ဆုံးဖြတ်ထားပြီး ယခုအစိုးရသက်တမ်းတွင် မီဒီယာ လွတ်လပ်ခွင့်များ ပိုမိုရရှိလာကာ မီဒီယာအခန်းကဏ္ဍလည်း ပိုအရေးပါလာမည်ဟု ယုံကြည်လျက်ရှိသည်။
“ကျွန်တော်တို့ မီဒီယာသမားတွေ အနေနဲ့လည်း ပိုပြီးတော့ ထိုက်ထိုက်တန်တန် လုပ်ပိုင်ခွင့် ရလာမယ်ခင်ဗျ။ ဒီ သက်တမ်းအတွင်းမှာ သတင်းမီဒီယာက အဓိက အတိုက်အခံ ဖြစ်လာမယ်လို့ ထင်ပါတယ်။ အတိုက်အခံဆိုတာ ကန့်လန့်တိုက်တာတော့ မဟုတ်ဘူးပေါ့ဗျာ။ သတင်းအချက်အလက်နဲ့ ဝေဖန်သုံးသပ်တာတွေနဲ့ ရှေ့တန်းရောက်လာမယ်လို့တော့ မြင်ပါတယ်” ဟု ကိုလူမော်နိုင်က မှတ်ချက်ပြုသည်။ NLD အစိုးရသစ် တက်လာပြီး ၁၇ ရက်အကြာ နှစ်ဆန်း တစ်ရက်တွင် ခင်ပွန်းဖြစ်သူ လွတ်မြောက်လာပြီး မောင်ဖြစ်သူ ဦးညီညီလွင် မကြာမီ လွတ်မြောက်လာရန်လည်း မလွင်လွင်မြင့်မှာ ရဲရဲဝံ့ဝံ့မျှော်လင့်နိုင်လာပြီ ဖြစ်သည်။

“အရင်အစိုးရသက်တမ်းတုန်းက သူတို့ကို နှစ်ပြည့်အောင် ထားမလားဆိုပြီး အရမ်းစိုးရိမ်ခဲ့ရတယ်၊ အစိုးရသစ်ရဲ့ လွတ်ငြိမ်းချမ်းသာခွင့်ကိုတောင် ဒီလောက် စောနိုင်မယ် မထင်ခဲ့ဘူး၊ နှစ်ဆန်းတစ်ရက်မတိုင်ခင် ၁၆ ရက် ညပိုင်းမှာတော့ ထောင်က ဖုန်းဆက်လာတယ်။ တအား အံ့သြမိတယ်၊ သမီးလေးရော ကျွန်မရော အရမ်း ပျော်ရွှင်မိပါတယ်” ဟု ၎င်းက ရင်ဖွင့်ပြောကြားလိုက်သည်။
Profile Feature - ကျော်လင်းထွန်း
၂၂-၄-၂၀၁၆ သောကြာနေ့ထုတ်၊ ပြည်မြန်မာ နေ့စဉ်သတင်းစာ
https://www.facebook.com/pyimyanmarnews/posts/1014399101929215

Comments