သူတောင်းစားတွေ ပေါတဲ့မြို့



နှစ်ပေါင်း ၁၀၀ ကျော်ကြာ ခေါ်တွင်ခဲ့သည့် မြို့တော် ရန်ကုန် ဟူသော အမည်နာမမှာ နိုင်ငံတော် သမ္မတကြီး ဦးသိန်းစိန် အစိုးရတက်လာပြီးချိန်မှစ၍ ပျောက်ရှခဲ့သည်။

မြို့တော်ရန်ကုန်ဟူသည်မှာ မြို့တော် မနီလာ၊ ဟနွိုင်း၊ ဘန်ကောက်မှသည် ပေကျင်း၊ မောစကို၊ ဘာလင်၊ ၀ါရှင်တန်(ဒီစီ) အလယ် ရီယိုဒီဂျနေးရိုးအဆုံး ကမ္ဘာ့မြို့တော်ကြီးအားလုံးနှင့် ဂုဏ်ရည်တူညီပါသည်။
ရုပ်ပစ္စည်း ခန့်ညားထည်ဝါမှု၊ ခေတ်မီဖွံ့ဖြိုးတိုးတက်မှု၊ စံနှုန်း၊ အဆင့်အတန်းအမျိုးမျိုး ကွာခြားနိုင်သော်ငြား ဂုဏ်သိက္ခာတွင်မူ နိုင်ငံတစ်နိုင်ငံ၏ မြို့တော်ဟူသော ပြယုဂ်မှာ တူညီခဲ့ပါသည်။

ပြီးခဲ့သည့် မတ်လအတွင်းက မြန်မာပြည်ကို အလည်အပတ်ရောက်ရှိနေသော အမေရိကန်နိုင်ငံသား ဂျူးလူမျိုးတစ်ဦးနှင့် မိတ်သင်္ဂဟမျှတ (လေပေးဖြောင့်) ၍ ခင်မင်ခဲ့ရသည်။ ထိုင်းမှ အပြန် မြန်မာတွင် ရက်သတ္တ တစ်ပတ်ဝင်လည်ပြီး ရှန်ဟိုင်း၌ တစ်ထောက်နားကာ အမေရိကန်ပြည်ထောင်စု ဆန်ဖရန်ဆစ္စကို မြို့ကြီးသို့ ပြန်၍ လုပ်ငန်းခွင်ဝင်ရမည်။

၎င်းသည် ကျနော်နှင့် တွေ့စဉ်အခါတွင် အထက်မြန်မာပြည်သို့ ခြေဆန့်ပြီး ဖြစ်၍ ရန်ကုန်ပြန်လာချိန်ဖြစ်ရာ ၃ ရက်သာ နေခွင့်ရှိတော့သည်။

ကနဦး သိကျွမ်းရသောနေ့တွင် ၎င်းက ရထားစီးချင်ကြောင်း ပြောသည်။ သို့သော် ကျနော်နှင့် မစီးဖြစ်လိုက်၊ ကြားထဲတွင် တနင်္ဂနွေတစ်ရက် ခံသွားပြီး အဆက်အသွယ်လည်း ပြတ်နေသည်။ ပြန်ဆုံသော တနင်္လာနေ့တွင်မူ ခရီးစဉ်အစအဆုံး တစ်နာရီကြာမြင့်သည့် မြို့ပတ်မီးရထားကို တစ်ကိုယ်တည်း စီးခဲ့ပြီး ဖြစ်လေရာ ရထားစီးရန် ကံမစပ်တော့သောကြောင့် လိုက်ကားပြောင်းစီးကြသည်။
လိုင်းကားစီးရင်း စကားများ ဖောင်ဖွဲ့မိသည့်အခါ သတင်းထောက်အလုပ်ကို မြတ်နိုးတွယ်တာစွာ လုပ်ကိုင်ခဲ့ဖူးသော ကျနော် ၀ဋ်လည်တော့သည်။ ၎င်းက ကျနော့်အား သိလိုသမျှမေးခွန်းများ မနားရအောင် တရစပ် မေးသည်။

ကြုံဖူးသော နိုင်ငံခြားသားများတွင် အထူးသဖြင့် ဘယ်လ်ဂျီယံ၊ အမေရိကန်၊ ပြင်သစ်၊ ဗြိတိန် စသည့် အနောက်နိုင်ငံကြီးများမှ နိုင်ငံခြားသားများသည် သိုးဆောင်းစကားဖြင့် ပြောရမည်ဆိုက အလွန် Curious ဖြစ်သည်။ စပ်စုခြင်းဟု ကျနော် မဖွင့်ဆိုလို၊ စိတ်အားထက်သန်မှုနှင့် ယှဉ်တွဲနေသော စူးစမ်းလိုစိတ်ဟုသာ ဤနေရာတွင် ဖွင့်ဆိုလို၏။ ၎င်းတို့သည် သိလိုသမျှကို နှိုက်နှိုက်ချွတ်ချွတ် ထွေလီကာလီ မေးလည်း မေးတတ်သေးသည်။
၎င်း၏ မေးခွန်းများ၌ ကျနော် စွဲထင်မှတ်မိနေသော မေးခွန်းအချို့မှာ ဘာကြောင့် စီးပွားရေးမြို့တော် ရန်ကုန်၌ သူတောင်းစားများ အတွေ့ရများနေသနည်း။ (အထက်မြန်မာပြည်မှ မြို့အတော်များများကို ရောက်ရှိခဲ့ဖူးပြီ ဖြစ်၍ ထိုသို့ မေးမြန်းခြင်းဖြစ်သည်။) 

ယင်းသို့ တောင်းရမ်းစားသောက်သူတို့သည် အမှန်ပင် ဘ၀ကို လက်မြှောက်အရှုံးပေးကာ ဘာဆိုဘာမှ မစွမ်းသာတော့၍ ကြံရာမရသည့်အဆုံး တောင်းစားနေကြခြင်းမျိုးလော သို့တည်းမဟုတ် လုပ်နိုင်ကိုင်နိုင်ပါလျက် အရှက်မဲ့လွန်းစွာ တောင်းစားနေကြခြင်းမျိုးလော ဟူသည့် မေးခွန်းများ ဖြစ်သည်။
ကျနော်၏ မိတ်ဆွေမှာ အမှန်ပင် လူ့ယဉ်ကျေးတစ်ဦး ဖြစ်ပါသည်။ ဤမေးခွန်းများကို မမေးမြန်းခင် ကျနော့်အား အတန်တန်အကဲခတ်ကာ "စိတ်မရှိပါနဲ့နော်" ဟူသည့် သဘောမျိုး သက်ရောက်သော စကားလုံးများ လှိုင်လှိုင်သုံးလျက် ၀မ်းတွင်းမှ မတတ်သာသည့် စူးစမ်းလိုစိတ်ကြောင့်သာ အားခဲမေးမြန်ပုံ ရပါသည်။

ယင်းမေးခွန်းများအတွက် အဖြေကို ပေးရာတွင် မယုတ်မလွန်ပင် ဖြေဆိုခဲ့ပါ၏။
ထိုသို့ တောင်းရမ်းစားသောက်ကြလေသူများတွင် အချို့မှာ အမှန်ပင် ကိုယ်စွမ်းဉာဏ်စွမ်း ချွတ်ခြုံကျလျက် သားသမီးများ တိုးလို့တွဲလောင်း ပိုက်ထွေး၍ လည်းကောင်း၊ အိုမင်းမစွမ်းမသန်ပြီး လူအိုရုံများမှလည်း လက်မခံသောကြောင့် လည်းကောင်း တောင်းစားနေရသူများ ရှိသော်လည်း အချို့မှာ အစုတ်ပြတ်ဆုံး အချောင်စိတ်၊ ပျင်းရိစိတ်တို့ စွဲကပ်လျက် တောင်းရမ်းနေကြခြင်းမျိုးလည်း ရှိသည်ဟု ဖြေဆိုလိုက်ပါသည်။
သြော် . . ဖြစ်ရပလေဟု စိတ်မှ တိုးတိတ်စွာ ညည်းတွားမိလေရဲ့။ ၎င်း အမေရိကန်နိုင်ငံသား မြင်သွားသည်မှာ စုတ်တီးစုတ်ပြတ် ပလက်ဖောင်းခေါင်းအုံးသည့် တောင်းရမ်းစားသောက်သူများသာ ဖြစ်၏။ ၀တ်ကောင်းစားလှများ ၀တ်၊ အရည်ကျိုပါမစ်များ သဘောရှိ ဖျောင်ပြီး ဗန်ကားအသစ်စက်စက်ကြီးများ စီးနေသည့် ရွှေတွဲလွဲ ငွေတွဲလွဲ သူတောင်းစားများကိုမူ မြင်မသွားရှာ၊ သို့တည်းမဟုတ် မြင်သော်ငြားလည်း သူတောင်းစားမှန်း သိမသွားရှာ။
မိုးလေတို့ ထန်လာသည်။ မြောင်းများ ပိတ်သွားသည်။ ကားလမ်းတင်မက လူသွားစင်္ကြံများ အထက်သို့ပင် ရေတို့ တက်လာကြသည်။

အလုပ်ပိတ်ရက်တုန်းက ကျနော်၏ မဟေသီနှင့် JOE မည်သော ဟောလိဝုဒ် ရုပ်ရှင်ဇာတ်ကားသစ်ကို မိုးအေးအေးနှင့် အိမ်တွင်းအောင်းလျက် ကြည့်ဖြစ်သည်။
JOE အဖြစ် သရုပ်ဆောင်သည့် နီကိုလပ်ကေ့က GMC ကားကြီးကို ၀ယ်စီးလိုက်ပြီး သူ့အလုပ်သမား ဆယ်ကျော်သက် ကောင်လေးကို ဗန်အစုတ်ကြီး ပြန်ရောင်းလိုက်သည်။ ဒေါ်လာ ၉၀၀ နှင့်။ မြန်မာကျပ်ငွေ ၁၀ သိန်းပင် မရှိပါကော။

အမေရိကန်မျက်မှောက်ခေတ် ကျေးလက်မြင်ကွင်းတွင် နိုင်လွန်ကတ္တရာလမ်းများက အဖမ်းစားနိုင်ဆုံး ဖြစ်နေသည်။ ယာဉ်စည်းကမ်း ထိန်းသိမ်းရေးသည်လည်း ရွာငယ်လေးဖြစ်ပေမယ့် တိကျကြပ်မတ်နိုင်လွန်းပါဘိ။ စတိုးဆိုင်ကလေးကလည်း စားသောက်ကုန်နှင့် လူသုံးကုန်များ စုံစုံလင်လင်။
တစ်နာရီခွဲခန့်အကြာတွင် ဇာတ်ကားက ဖျက်ခနဲ ပြီးပစ်လိုက်သည်။ ဒရစ်ပုလင်းကြီးလည်း ကျကွဲသွားလေရော။

မျက်စိအမြင်အာရုံမှတစ်ဆင့် စိတ်ခံစားမှုထံ ပေးပို့လျက် ဒရစ်သွင်းသကဲ့သို့ အမေရိကန် ရွာငယ်လေးကို အသုံးတော် ခံခဲ့မိသည်။ ချောမွတ်ကျယ်ပြန့်သော ပလက်ဖောင်းများထက် လမ်းလျှောက်သည်။ စတိုးဆိုင်ထဲ အအေးဘူးနှင့် နေကာမျက်မှန်တစ်လက် ၀င်ဝယ်သည်။ စသည်ဖြင့် . . စသည်ဖြင့် . . . ။
ရန်ကုန်မြို့တော်သူ မြို့တော်သား အပေါင်းလည်း ဘယ်တော့များမှ ယင်းရွာငယ်လေး၏ လူမှုစီးပွားဘ၀၊ 

အသက်အိုးအိမ် လုံခြုံရေး၊ ကျန်းမာရေး၊ ပညာရေး  အဆင့်အတန်းများကို လှမ်းမှီနိုင်ပါအံ့တော့နည်းဟူသည့် ရိရွဲနေသော မေးခွန်းဟောင်းကိုပင် ပြန်ထုတ်နေမိတော့သည်။

-ကျော်လင်းထွန်း-

Comments