"ခရိုနီအရင်းရှင်ဝါဒ ညွှန်းကိန်း"
နိုင်ငံရေးတွင်
စီးပွားရေးလုပ်ငန်းရှင်များနှင့် အနွယ်မကင်းသော တိုင်းပြည်များသည် များစွာ
ပိုမိုအဆင်ပြေ အထမြောက်နေကြသကဲ့သို့ ရှိ၏။
၁၉ ရာစု နှောင်းပိုင်း
အမေရိကန်ပြည်ထောင်စု၏ ညင်သာစွာ ပြောင်းလဲလာသော ခေတ်တွင် တိုင်းပြည်ကို စက်မှုလုပ်ငန်းများ
တည်ထောင်ပေးခြင်း၊ ကြမ္မာကောင်းများ ကြီးမားသောအစုအဝေး ကို ဆောင်ကြဉ်းပေးခြင်း၊
ခမ်းနားသိုက်မြိုက်သော အိုးအိမ်တိုက်တာများ တည်ဆောက်ပေးခြင်းနှင့်
နိုင်ငံရေးသမားများကို လာဘ်ထိုးကြသည့် John D. Rockefeller ကဲ့သို့သော
ထင်ပေါ်ကျော်စောသူတို့ကို မြင်တွေ့နိုင်သည်။ ထို့နောက် နိုင်ငံရေးကိစ္စရပ်များအပေါ်
လူထု၏ တုန့်ပြန်မှုများ နိုးကြားပေါ်ပေါက်လာသော ကာလသို့ ရောက်ခဲ့ပြန်သည်။ ၁၉၀၀
ပြည့်နှစ်နှင့် ၁၉၄၅ ခုနှစ်အကြားတွင် အမေရိကန်ပြည်ထောင်စုသည် ပုံမှန်လည်ပတ်နေသည့်
လုပ်ငန်းကြီးတစ်ရပ်အဖြစ် အစပျိုးလာပြီး ပြည်သူ့လူခြုံမှု ကွန်ရက်တစ်ခုကို
တည်ဆောက်လာသည်။ Chrystia Freeland က သူမရေးသားထားသော "ဓနအင်အားကြောင့်
အာဏာရှိလာသူများ" (Plutocrats) ဟူသည့် စာအုပ်ထဲတွင်
ဈေးကွက်များပေါ်ထွန်းလာခြင်းမှာ ယင်းခေတ်တွင် အဆိုပါပုဂ္ဂိုလ်တို့၏ ပထမခေတ်
ကြိုးပမ်းချက်ကြောင့် ဖြစ်ပြီး ချမ်းသာသောနိုင်ငံများပေါ်ထွန်းလာရခြင်းမှာမူ
ပလူတိုကရက်စ်တို့၏ ဒုတိယမ္ပိ ကြိုးပမ်းချက်ဟု ဆိုထားသည်။ ကမ္ဘာ အချမ်းသာဆုံး ၁
ရာခိုင်နှုန်းသော လူများသည် နှစ် ၂၀ ကြာ ဂလိုဘယ်လိုက်ဇေးရှင်း ကာလအတွင်း
အချိုးမညီမမျှစွာ ကြွယ်ဝလာသူများ ဖြစ်ပြီး
"ဥစ္စာဓနကို
မြတ်နိုးကိုးကွယ်လုနီးပါး နိုင်ငံသစ်တစ်ရပ်" ကို တည်ဆောက်လိုက်ခြင်းလည်း
ဖြစ်သည်ဟု သူမက ရေးသားထားသည်။
တည်ထွင်မှုတွင် ပိုမိုကောင်းမွန်သော
စက်ပစ္စည်းအသစ်အဆန်း တစ်မျိုးမျိုး၊ အရသာ ထူးကဲသော သရေစာမုန့်၊ သို့မဟုတ်
ပိုမိုလှပသေသပ်သော ကွန်ပျူတာပရိုဂရမ် စသည်တို့ နေရာယူလာကြသည်။ သို့သော်
ယင်းတီထွင်မှုများကြောင့် ယနေ့ Tycoons (ထင်ပေါ်ကျော်ကြားနေသူများ) ကို Rent-Seeking
(ပိုင်ဆိုင်သော ဓနသဟာရဖြင့် နိုင်ငံရေး လုပ်ပြီး ဥစ္စာဓနမခမ်းခြောက်ရေး
နိုင်ငံရေးအာဏာဖြင့်ပင် ပြန်လည် ဖန်တီးသူ) များက ကြမ္မာဆိုး ဖန်တီးပေးနေသူများအဖြစ်
သင်္ဂြိုဟ်ပြုကြသည်။ စက်မှုလက်မှု ကဏ္ဍတွင် စီးပွားရေးငှားရမ်းခ (Economic Rent –
စွမ်းအားတစ်ခု၏ လက်ရှိနေရာတွင် ပြန်ရချက်နှင့် ယင်း၏ အနိမ့်ဆုံးနေရာတွင် ပြန်ရချက်
ခြားနားမှု။ ဥပမာ (၁) ဦးနှောက်ခွဲစိတ် ပါရဂူတစ်ယောက်၏ နှစ်စဉ်ဝင်ငွေမှာ ဒေါ်လာ
၆၀၀၀၀ ဖြစ်ပြီး အခြားလုပ်ငန်းကို လုပ်ကိုင်ပါက ဒေါ်လာ ၆၀၀၀ သာ ရရှိနိုင်မှု၏ ခြားနားချက်
ဒေါ်လာ ၅၄၀၀၀ မှာ စီးပွားရေးငှားရမ်းခ ဖြစ်၏။) သည်လည်း အဆိုပါ လူတန်းစားနှစ်ရပ်ကြား
ကွဲပြားသည်။ လုပ်အား၊ အရင်းအနှီး၊ မြေ (သို့မဟုတ် ထုတ်လုပ်ရေးအတွက် အခြား
သွင်းအားစုများ ) အတွက် Tycoon တို့၏ စီးပွားရေးငှားရမ်းခနှင့် Rent-seeking တို့၏
စီးပွားရေးငှားရမ်းခ ခြားနားလှသည်။ ပြည့်စုံသော ယှဉ်ပြိုင်မှု လောကတွင်
စီးပွားရေးငှားရမ်းခဟူသည် မရှိသင့်ပေ။ Rent-seeking တို့၏ လုပ်ရပ်များကို
ဥပမာပြရမည်ဆိုပါက (တရားဝင် ဖြစ်စေ၊ တရားမ၀င်ဖြစ်စေ လုပ်ဆောင်သော)
ကုန်ဈေးနှုန်းနှင့် ထုတ်လုပ်မှုတို့ကို ညှိနှိုင်းဆောင်ရွက်သော ကုန်သည်အဖွဲ့များ
ဖွဲ့စည်းခြင်းနှင့် စီးပွားရေးအတွက် ပြိုင်ဘက်များကို ကျော်တက်နိုင်ရန် နိုင်ငံရေး
လော်ဘီလုပ်ခြင်းများ ပါဝင်သည်။
ဝယ်လိုအားနှင့် ရောင်းလိုအားကို
လူတို့၏ စည်းမျဉ်းများဖြင့် ထိန်းချုပ်မထားသည့် လွတ်လပ်သော ဈေးကွက်ကို
စိတ်အားထက်သန်သူများနှင့် အဆင့်ခွဲထိန်းချုပ်လိုသူများအားလုံးသည် Rent-seeking
များ၏ အန္တရာယ်ကို စိုးရိမ်မှုတွင် တူညီကြသည်။ တိုင်းပြည်၏ စီးပွားရေးကို အီလစ်
(Elite) တစ်ယောက်ယောက်က မမှန်မကန်စီမံသွားမည်ကို အမေရိကန် လစ်ဘာပါတီဝင်များ
(နိုင်ငံရေးသမားများ) က ကြောက်ရွံ့ကြသည်။ သာမန်အမေရိသန်သားများစွာတို့သည် အစိုးရနှင့်
ဖက်ဒရယ်အင်အားစုများက Main Street ထက် Wall Street ကို ပိုမိုအလေးပြုနေသည်ဟု
လက်ခံထားသည်။ ငွေကြေးဖောင်းပွမှုမှ ကာကွယ်ရန် ထားသာ ရန်ပုံငွေအား
စီမံခန့်ခွဲသူများစွာတို့က တရုတ်နိုင်ငံကို အကြွေးမဲ့ ခရိုနီများ တည်ဆောက်သော
ဖဲချပ်အိမ်ဟု သမုတ်လျက် နှာတင်းကြသည်။
ခရိုနီအရင်းရှင် အညွှန်းကိန်းကို
ကျွန်ုပ်တို့ ဖန်တီးလိုက်သည့်အတွက် Rent-seeker များ အမျက်ထွက်ပေမည်။
ကျွန်ုပ်တို့၏ ချဉ်းကပ်မှုသည် Morgan Stanley Investment Management မှ Ruchir
Sharma၊ နယူးဒေလီ မူဝါဒသုတေသန ဗဟိုဌာနမှ Aditi Gandhi နှင့် Micheal Walton တို့၏ ကြိုးပမ်းချက်ကြောင့်
ပေါ်ထွက်လာခြင်း ဖြစ်သည်။ Forbes မဂ္ဂဇင်းကြီးမှ အချက်အလက်များကို အသုံးပြု၍
ကမ္ဘာ့ဘီလီယံနာများ၏ ကြွယ်ဝမှုတို့ကို တွက်ချက်သည်။ ၎င်းတို့သည် ကမ္ဘာ့အကြီးမားဆုံး
လုပ်ငန်းကြီးများကို လုပ်ကိုင်နေကြသည်။ ကြွယ်ဝမှုများကို ကမ္ဘာ့ GDP နှင့်
နှိုင်းယှဉ်လျက် ကြီးထွားမှုပမာဏကို တိုင်းတာသည်။ ကျွန်ုပ်တို့သည် နိုင်ငံပေါင်း ၂၃
နိုင်ငံအတွက် ရလဒ်များကို ဖော်ပြပေးပြီး ယင်းတွင်ပါဝင်သော ဖွံ့ဖြိုးပြီး
နိုင်ငံကြီး ငါးနိုင်ငံ၊ ဖွံ့ဖြိုးဆဲ ၁၀ နိုင်ငံတို့ အတွက် မှီခိုအားထားနိုင်သော
အချက်အလက်များကို ထုတ်ပြန်ပေးသည်။ ထို့နောက် ခရိုနီကြီးစိုးမှုက
အဓိကပြဿနာဖြစ်နေသည့် နိုင်ငံငယ် ရှစ်ခုကို ရွေးချယ်ပြီး ၎င်းတို့အတွက်လည်း
အချက်အလက်များ ဖော်ပြပေးသည်။ ခရိုနီဝါဒကြောင့် စီးပွားရေးအကြပ်အတည်းတွေ့နေရသည့်
နိုင်ငံများတွင် အညွှန်းကိန်း၏ အချိုးကွာခြားချက်က မြင့်မားလှသည်။
လက်ဝါးကြီးအုပ် လုပ်ကိုင်သူများကို
မတွန်းလှန်နိုင်သော လုပ်ငန်းစုများလည်း တွက်ချက်မှုတွင် ပါဝင်သည်။ (ဇယား-၁ ကို
ကြည့်ပါ) ။
အပြည်ပြည်ဆိုင်ရာ ပွင့်လင်းမြင်သာမှု
အဖွဲ့၏ လာဘ်ပေးလာဘ်ယူမှု စစ်တမ်းအရ စီးပွားရေး လက်ဝါးကြီးအုပ် ခြယ်လှယ်မှု
အခြေအနေသည် ပြန့်နှံ့လွယ်သော အနေအထားတွင် ရှိသည်။ အချို့မှာ မြင်သာလွန်းလှသည်။
ဘဏ်များသည်လည်း ၎င်းတို့နှင့် ပူးပေါင်းခြင်းဖြင့် သွယ်ဝိုက်သော အကျိုးအမြတ်များကို
ရကြသည်။ ပြည်သူပိုင် ကျောက်မီးသွေးတွင်းများ၊ မြေနှင့် ဆက်သွယ်ရေးလုပ်ငန်း
နယ်ပယ်များကို ထင်ပေါ်ကျော်စောသူ (Tycoon) တို့က ချုပ်ကိုင်ကြရာ ပြည်သူတို့ပင်
နစ်နာစေသည်။ သို့သော် ဥပဒေနည်းလမ်းတကျ တရားမျှတမှုနှင့် အကျင့်ပျက်
စီးပွားရှာမှုကြားရှိ နယ်နိမိတ်မှာ ရှုပ်ထွေးလွန်းလှသည်။
ခရိုနီဘီလီယံနာများ
ခေတ်ကောင်းလာသည်မှာ ရာစုနှစ်သစ် တစ်လျှောက်လုံးပင် ဖြစ်သည်။ (ဇယား-၂ တွင် ကြည့်ပါ)
။
၎င်းတို့၏ ကြွယ်ဝမှု
ဆပွားတိုးတက်လာခြင်းမှာ စီးပွားအရွယ်အစားနှင့် ဆက်စပ်နေပြီး သက္ကရာဇ် ၂၀၀၀
ပြည့်နှစ်တွင် တိုင်းပြည် GDP ၏ ၄ ရာခိုင်နှုန်းနှင့် ညီနေသည်။
ဖွံ့ဖြိုးဆဲနိုင်ငံများတွင် လုပ်ငန်း ၄၂ ရာခိုင်နှုန်းမှာ ပြည်ပက လုပ်ကိုင်ခြင်း
ဖြစ်ပြီး ၆၅ ရာခိုင်နှုန်းမှာ ခရိုနီတို့၏ ပိုင်ဆိုင်မှုဖြစ်သည်။ ရှည်ကြာသော စီးပွားရေး
ပေါက်ကွဲမှုနှင့် မြို့ပြသို့ ရွှေ့ပြောင်းလာမှုတို့သည် ကုန်းမြေနှင့်
အိုးအိမ်တို့ကို ဈေးတက်လာစေသည်။ တရုတ်ပြည်တွင် ဖြစ်ပွားသော လူသုံးကုန် ၀ယ်လိုအား
မြင့်တက်လာမှုသည် သဘာဝသယံဇာတကြွယ်ဝသော ဘရာဇီးမှသည် အင်ဒိုနီးရှားနိုင်ငံတို့အထိ
စီးပွားဖြစ်စေသည်။ အချို့သော ပုဂ္ဂလိကပိုင် ပြုလုပ်ခြင်းများမှာ
သံသယပွားဖွယ်အနေအထားတွင် ရှိနေသည်။
ကမ္ဘာ့စီးပွားရေးနိုင်ငံကြီးများတွင်
ရုရှားသည် အဆိုးရွားဆုံး အခြေအနေသို့ ဆိုက်ရောက်လာသည်။ (ဇယား-၃ ကို
ကြည့်ပါ)။
ကွန်မြူနစ်ဝါဒမှ အကူးအပြောင်း ၁၉၉၀
ပြည်လွန်နှစ်များတွင် နိုင်ငံရေးအင်အားစုများက သဘာဝအရင်းအမြစ်တို့ကို
သိမ်းပိုက်လာကြပြီး ရုရှား၏ လူနည်းစုအုပ်ချုပ်သော အစိုးရအဖွဲ့ဝင် ထိပ်သီးများမှာ
သူကြွယ်များဖြစ်လာကြကာ ကုန်ဈေးနှုန်းများမှာမူ လျင်မြန်လွန်းစွာ မြင့်တက်လာကြသည်။
နိုင်ငံရေးအရမငြိမ်သက်သေးသော ယူကရိန်းတွင်လည်း အလားတူပင်။ မက္ကဆီကို၏ ရမှတ်များက
ဆိုးရွားလှသည်။ အဓိကအချက်မှာ မိုဘိုင်းတယ်လီဖုန်နီနှင့်
အခြားလုပ်ငန်းကြီးများအားလုံးကို ထိန်းချုပ်ထားသည့် Carlos Slim ကုမ္ပဏီကြီးကြောင့်
ဖြစ်သည်။ ပြင်သစ်နှင့် ဂျာမဏီနိုင်ငံများမှ ဘီလီယံနာများကို ယှဉ်ကြည့်ရာ ၎င်းတို့သည်
နိုင်ငံတော်အပေါ် အတန်ငယ်သာမှီခိုကြပြီး လက်လီရောင်းချခြင်းနှင့်
အပန်းဖြေပစ္စည်းများမှ ပိုမိုအကျိုးအမြတ်ရကြသည်။
အမေရိကန်ပြည်ထောင်စုသည်
ခရိုနီအညွှန်းကိန်းအဆင့်၌ ကောင်းသော ရလဒ်ကို ပိုင်ဆိုင်ထားသည်။ ဘီလီယံနာများ၏
ကြွယ်ဝမှုများမှာ တိုင်းပြည် GDP နှင့် မြင့်မားစွာ ဆက်နွယ်မှုရှိနေသော်လည်း
အများအားဖြင့် ပွင့်လင်းမြင်သာသော စီးပွားရေးများကို တွေ့ရသည်။ Silicon Valley ၏
အံဖွယ်အနေအထားမှာ အမေရိကန် စွမ်းအင် ဘီလီယံနာများထက် ချမ်းသာနေခြင်းဖြစ်သည်။
ခရိုနီညွှန်းကိန်းအဆင့်တွင်
အခြေအနေကောင်းသော နိုင်ငံများသည် ဗျူရိုကရေစီနှင့် အင်စတီကျူးရှင်းများ အားကောင်းသည်ဟု
ကမ္ဘာ့စီးပွားရေးဖိုရမ်က သုံးသပ်သည်။ သို့သော် ထိရောက်စွာကိုင်တွယ်နိုင်သော
အစိုးရဟူ၍ မရှိပေ။ ဟောင်ကောင်နှင့် စင်ကာပူတို့တွင် ခရိုနီများ
ဘီလီယံနာဖြစ်နေကြသည်။ ဟောင်ကောင် သိက္ခာလျော့ဆင်းခဲ့သည်မှာ ကြာညောင်းခဲ့လေပြီ၊
စစ်မှန်သော စီးပွားရေး ယှဉ်ပြိုင်မှု ဥပဒေကို ဖော်ဆောင်နိုင်သည်မှာ ၂ နှစ်မျှသာ
ရှိသေးသည်။
စီးပွားရေးအကျင့်ပျက်မှုများရှိသော်လည်း
အခြား အံ့သြစရာကောင်းသည့် အရာမှာ တရုတ်နိုင်ငံသည် ခရိုနီအညွှန်းကိန်းတွင်
အခြေအနေကောင်းခြင်း ဖြစ်၏။ ယင်းသို့ ဖြစ်ရခြင်း၏ အကြောင်းအချက်တစ်ရပ်မှာ
သဘာဝအရင်းအမြစ်များနှင့် ဘဏ်များကို ပိုင်ဆိုင်ထားခြင်း ဖြစ်သည်။ ယင်းတို့သည်
ခရိုနီများ ကြွယ်ဝလာရေးအတွက်လည်း အရင်းအမြစ်များဖြစ်သည်။ နောက်ထပ်
အကြောင်းအချက်တစ်ရပ်မှာ တရုတ်တွင် ပွင့်လင်း မြင်သာသော လုပ်ငန်းများသည် e-commerce
လုပ်ငန်းတစ်ခုဖြစ်သည့် Alibaba လုပ်ငန်းမှ Jack Ma, မြေတူးမြေကော် ကရိန်းများ
ထုတ်လုပ်သည့် Sany ကုမ္ပဏီမှ Liang Wengen တို့ကဲ့သို့သော
စွန့်ဦးစီးပွားရေးလုပ်ငန်းရှင်များ ဖြစ်လာမည့် မျိုးဆက်သစ်များ
မွေးထုတ်ပေးခဲ့ခြင်း ဖြစ်သည်။
ကျွန်ုပ်တို့၏ ဇယားတွင် အဆင့် ၆
နေရာမှ ၉ သို့ လျော့ဆင်းသွားသော နိုင်ငံတစ်ခုမှာ အိန္ဒိယ ဖြစ်သည်။ ဆေးဝါး၊
နည်းပညာနှင့် စားသုံးကုန်လုပ်ငန်းများတွင် တိုးတက်လာရာ ယင်းသို့
ကျဆင်းသွားခြင်းလည်း ဖြစ်၏။ တူရကီ ဘီလီယံနာအများစုသည် Rent-seeker များ
ဖြစ်နေကြပြီး တိုင်းပြည် စီးပွားရေး ကသောင်းကနင်း ဖြစ်ခဲ့ရာ ၎င်းတို့အားလည်း
ရိုက်ခတ်မှုရှိခဲ့သည်။ အရှေ့တောင်အာရှ နိုင်ငံများအား နှိုင်းဆရာ ဖိလစ်ပိုင်၊
ထိုင်းနှင့် အင်ဒိုနီးရှားတို့သည် ၂၀၀၇ ခုနှစ်မှ စ၍ ရလဒ်များဆိုးဝါးလာသည်။
ကျွန်ုပ်တို့၏ ခရိုနီညွှန်းကိန်းတွင်
ကြီးမားသော မှားယွင်းချက် ၃ ခုရှိ၏။ တစ်ခုမှာ ခရိုနီအားလုံးသည် ၎င်းတို့၏
ကြွယ်ဝမှုများအားလုံးကို ပြည်တွင်းမှရယူခြင်း မဟုတ်ပေ။ ယင်းမှာ တရုတ်ပြည်၏
အဓိကပြဿနာဖြစ်သည်။ ဒုတိယအချက်မှာ
ကျွန်ုပ်တို့၏ ခွဲခြားသတ်မှတ်မှုကဏ္ဍများတွင် စံနမူနာအဆင့်၌သာ ရှိနေခြင်း ဖြစ်သည်။
Rent-seeker များအနေဖြင့် ကျွန်ုပ်တို့ ဖွင့်ဆိုသော ပွင့်လင်းမြင်သာ
လုပ်ငန်းရှင်များတွင် ပါဝင်နေနိုင်သည်။ အချို့နိုင်ငံများတွင် ယှဉ်ပြိုင်မှုရှိသော
ဈေးကွက်များကို ခရိုနီများဟု တံဆိတ်ခတ်နှိပ်မိသည်များလည်း ရှိသည်။ အချို့မှာမူ
အမေရိကန်ပြည်ထောင်စုရှိ အင်တာနက်လုပ်ငန်းရှင်းကြီးများကို
လက်ဝါးကြီးအုပ်လုပ်ကိုင်သူများဟု ဖွင့်ဆိုထားသည်။ တောင်ကိုရီးယားရှိ ကားနှင့်
အီလက်ထရောနစ်ကုမ္ပဏီကြီးဖြစ်သည့် Chaebol သည် အများအားဖြင့်
ပွင့်လင်းမြင်သာသော်လည်း အတိတ်ကာလတွင် နိုင်ငံရေးသမားများကို လာဘ်ထိုးမှုများ
ရှိခဲ့သည်။ တရုတ်နိုင်ငံ၏ လုပ်ငန်းအားလုံးသည် ဘဏ်မှ ချေးငွေရရန်
နိုင်ငံရေးသမားများနှင့် မကင်းကြပေ။ Hurun Report ဟူသော သုတေသနဌာနမှ Rupert
Hoogewerf ၏ အဆိုအရ ကွန်မြူနစ်ထိပ်သီး သုံးဦးထံသို့ ချဉ်းကပ်ကြသည်ဟု သိရသည်။
မိုးမြင့်တိုက်ကြီးများ တည်ဆောက်ခြင်းသည် မွမ်ဘိုင်းတွင် လာဘ်မထိုးက
မရနိုင်သော်လည်း ဘာလင်မြို့တွင် လွယ်ကူလှသည်။ ကျွန်ုပ်တို့၏ အညွှန်းကိန်းသည်
ခွဲခြားသတ်မှတ်ထားခြင်း မပြုမိခဲ့ပေ။
တတိယအချက်မှာ ကျွန်ုပ်တို့သည်
ဘီလီယံနာတို့၏ ချမ်းသာမှုကိုသာ ကန့်သတ် တွက်ချက်မိခြင်း ဖြစ်၏။ Rent-seeker
အများစုသည် ဘီလီယံနာများ မဖြစ်သေးသော်လည်း များစွာချမ်းသာနေခြင်းများ ရှိသည်။
ခရိုနီကြီးထွားလာသော်လည်း အကောင်းမြင်မှုများ ရှိနေသည်။ အချို့နိုင်ငံများတွင်
စီးပွားရေး သိက္ခာနှင့် စပ်လျဉ်း၍ လွန်စွာတင်းကြပ်သည်။ မက္ကဆီကိုတွင်
အကျိုးအမြတ်ကောင်းသော မိုနိုပိုလီများစွာရှိသည်။ သို့သော် အစိုးရက ယင်းတို့ချင်း
ယှဉ်ပြိုင်မှုကို မြင့်တက်စေသည်။ အန္ဒိယ၏ တရားရေးမဏ္ဍိုင်မှာ
ဆက်သွယ်ရေးလုပ်ငန်းလိုင်စင် တစ်ခုအား အဆွယ်အပါးတစ်ဦးကို လက်သိပ်ထိုးပေးမှုဖြင့် ၀န်ကြီးတစ်ပါး
ထောင်ချခံရသည်အထိ အားကောင်းနေသည်။
အားတက်ဖွယ်ရာ တစ်ခုမှာ
ဖွံ့ဖြိုးဆဲနိုင်ငံများတွင် ခရိုနီတို့၏ ရှယ်ယာများ လျော့ဆင်းလာခြင်း ဖြစ်သည်။
၂၀၀၈ ခုနှစ်မှာ ၇၆ ရာခိုင်နှုန်းရှိနေရာက ယခု အခါ ၅၈ ရာခိုင်နှုန်းအထိ
လျော့ကျလာခြင်း ဖြစ်သည်။ (ဇယား-၄ တွင် ကြည့်ပါ) ။
ယင်းအခြေအနေသည် ကုန်ဈေးနှုန်း
ကျဆင်းလာမှုနှင့်လည်း ရောင်ပြန်ဟပ်နေသည်။ သာမန်ရှယ်ယာတစ်ခု ပေါက်ဈေးနှုန်းနှင့်
မကြာမီက နှစ်စဉ် အမြတ်ဝေစုတို့၏ အချိုးသည် ခရိုနီများ၏ လုပ်ငန်းများတွင် ၁၅
နှစ်တာကာလအတွင်း အကြီးမားဆုံး လျော့ကျလာသည်။
စီးပွားရေးဖွံ့ဖြိုးမှုက
ဈေးကွက်များကို ဖော်ဆောင်လာချိန်တွင် ခရိုနီများလည်း လွင့်စင်ပြိုကွဲလာခြင်း
ဖြစ်သည်။
သို့မဟုတ် နိုင်ငံများက ချမ်းသာလာရာ
သဘာဝကျကျပင် ခရိုနီတို့၏ လုပ်ငန်းများ လျော့ဆင်းလာရခြင်း ဖြစ်နိုင်သည်။ ၁၉၀၀
ပြည့်နှစ်တွင် မီးရထားလမ်းဖောက်ခြင်း၊ အိုးအိမ်တိုက်တာ တည်ဆောက်ခြင်းတို့ကြောင့်
အမေရိကန် Tycoon များ ကြွယ်ဝလာပြီး ၁၉၃၀ ပြည့်နှစ်တွင် အခြေအနေများ ပြောင်းလဲလာကာ
စားသောက်ကုန်လုပ်ငန်း၊ ဓါတ်ပုံလုပ်ငန်း၊ လက်လီရောင်းချရေး လုပ်ငန်း
လုပ်ကိုင်သူများ ကြွယ်ဝလာသည်။ ကမ္ဘာတစ်ဝန်းမှ ခရိုနီများအနေဖြင့်
ယင်းပြောင်းလဲမှုကို မှတ်သားထားသင့်ပေသည်။
-ကျော်လင်းထွန်း-
REF: Our crony-capitalism index:
Planet Plutocrat (Economist)







Comments
Post a Comment