“ ရထားစီးခြင်း ”


တကယ်လို့များဗျာ
အဲ့နေ့မတိုင်ခင်က အဲ့ဒီနေ့ကို
အပြည်ပြည်ဆိုင်ရာ ဖုန်းမပြောရနေ့အဖြစ်သာ
သတ်မှတ်ခဲ့မယ်ဆိုရင်ပေါ့
လယ်ကွင်းပြင်ကြီးတွေဟာ
ဆိုက်ပရက်(စ်) လမ်းပေါ်က စင်္ကြံ
ဖြစ်လာနိုင်ကောင်းရဲ့ . . .

ပြည့်ဝန်းဆူဖြိုးနေတဲ့ လ
ကံစေရာ ညအတွက်အဖော်
ငါဖျော်သောက်ခဲ့ပြီးတဲ့ ၀ီစကီ
သူမကတော့ (ဒီအချိန်ဆို)
အိပ်ပျော်နေလောက်ပါပြီ . . .

အသံလှိုင်းတွေရဲ့ ခွန်အားကပဲ ပါးလျလွန်းတာလား
ဖွင့်ထားရင်ကြားနိုင်မလားလို့
ပြတင်းတံခါးတွေကို ဆွဲတင်ပစ်လိုက်တယ်
ပိတ်လှောင်မွန်းကျပ်မှုတွေ
နှောင်တင်းနေတဲ့ သက်ပြင်းတွေနဲ့ပါ . . .

တဖိတ်ဖိတ် ပျိုးပြက်ဝင်းလက် လှပ
မရေတွက်နိုင်တော့လို့
လွှတ်ထားလိုက်ရတဲ့ ကြယ်ပွင့်ကလေးတွေ
သူမအိပ်ရာထဲ ပြန့်ကျဲနေပါစေ . . .

ဖောဖောသီသီ ပုတ်ခတ်နေမိတဲ့
စက္ခုအလင်းတံခါး
ခဏပြန်ပိတ်ထားလိုက်တယ်
(ဒီကောင်လေး အဖျားများတက်နေသလား ဟဲ့  . . . )
မဟုတ်ရပါဘူး အန်တီ
ငိုချင်စိတ်ကို ဖျစ်ညှစ်
ပဋ္ဌာန်းဒေသနာတော်ထဲ စိတ်နှစ်ထားရင်း
လာရောင်းနေတဲ့ (၈)ပတ် ပုလင်းပြားတွေကို
ထပ်မငေးမိအောင်
အအေးဓါတ်ကိုလည်း တော်လှန်တဲ့အနေနဲ့
(တဆတ်ဆတ်) ကွေးနေတာပါ . . .

ကောက်ရိုးမီးမြှိုက်နံ့
ကျွဲချေးနံ့
ငါ့ကိုယ်ပေါ်မှာ မသင်းပျံ့တော့တဲ့
ဘော်ဒီစပရေးနံ့ . . .

ချစ်သူလေးရေ
အိပ်လို့ပျော်ပါစေ
အိပ်ပျော်ပါစေ
တကယ်တော့ ငါဟာ
(မနေ့ညကတည်းက)
မနက်ဖြန်မနက်ဆိုတာကြီးကို
လန့်နေခဲ့ရသူပါ . . . ။               


ကျော်လင်းထွန်း





Comments